
ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဂျပန်အစိုးရက မေ ၁ ရက်မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ခီတာမူရာ တိုရှီဟီရိုက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ ပတ်သက် လို့ ထုတ်ပြန်ပြောဆိုလာတာပါ။
ကာလရှည်ကြာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဧပြီ ၁၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၃၀ ရက်မှာ ထောင်ကနေ အိမ်တအိမ်ဆီကို ပြောင်းရွေ့ထားရှိခဲ့တာတို့ကို ဂျပန်အစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေအဖြစ် ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မရေမရာ ရှိနေဆဲဖြစ်ကြောင်း၊ သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ ရိုးသားပွင့်လင်းတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပေါ်ပေါက်လာစေဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံထားရသူတွေကို ထပ်မံလွှတ်ပေးရန် ဂျပန်နိုင်ငံက အလေးအနက် မျှော်လင့်တယ်လို့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဂျပန်အစိုးရဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေ လွှတ်ပေးရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်အသက်ဝင်ရေးတို့ကို စဉ်ဆက် မပြတ် တောင်းဆိုခဲ့တာပါ။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ ထောက်ခံနေပြီး ပြည်သူတွေရဲ့ လူနေမှုဘဝတွေ တိုးတက်မြင့်မားလာစေဖို့ ရည်ရွယ် တဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ဆက်လက်မြင်တွေ့လိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အလေးပေးပြောပါတယ်။
ပြီးတော့ မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာစေရေးအတွက် ဂျပန်အစိုးရအနေနဲ့ ကြိုးပမ်းတိုက်တွန်းတာတွေကို ပိုပြီးလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အတည်ပြု ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် တရားဝင် ဖွံ့ဖြိုးရေးအကူအညီ (ODA) စီမံကိန်းအသစ်တွေ ပေးအပ်တာကို ရပ်ဆိုင်းထားပေမဲ့ မြန်မာပြည်သူတွေအတွက် တိုက်ရိုက်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အာဆီယံ က တဆင့် ဆက်လက် ထောက်ပံ့ပေးနေပါတယ်။










