ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုမြို့မှာ ဗီယက်နမ်သမ္မတ တိုလမ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိတို့ နိုဝင်ဘာ ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ ဂျပန်နဲ့ ဗီယက်နမ်နိုင်ငံတို့က စွမ်းအင်လုံခြုံရေး၊ အာကာသနည်းပညာနဲ့ တပိုင်းလျှပ်ကူးပစ္စည်း ဆီမီးကွန်ဒတ်တာတို့ အပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ခြင်းအားဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုနက်ရှိုင်းအောင်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဂျပန်ဝန်ကြီးချုပ်က ၂ နိုင်ငံစလုံးရဲ့ ပူးတွဲ မျှော်မှန်းချက်ဟာ သူတို့ရဲ့ ဆက်ဆံရေးကို "အဆင့်သစ်" တခုဆီ မြှင့်တင်ပေးလိမ့်မယ်လို့လည်း ပြောပါတယ်။
သမ္မတတိုလမ်က နှစ်နိုင်ငံအနေနဲ့ အာကာသနည်းပညာ၊ လုံခြုံရေး၊ ဉာဏ်ရည်တု (AI) နဲ့ ဆီမီးကွန်ဒတ်တာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီနေ့အစောပိုင်းက သမ္မတ တိုလမ်ဟာ ဂျပန်လွှတ်တော် အစည်းအဝေးတခုမှာ မိန့်ခွန်းပြောခဲ့ပြီး ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်ခိုင်မာအောင် လုပ်ဆောင်ရေးတို့ရဲ့ အရေးပါပုံကို အလေးပေး ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်နဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ အရေးပါတဲ့ သတ္တုတွင်းထွက်ပစ္စည်း ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ မျိုးဆက်သစ် အဆင့်မြင့် နျူကလီးယားဓာတ်ပေါင်းဖိုများဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အလားအလာတွေကို လေ့လာစူးစမ်းနေပါတယ်။
Source: Reuters











