
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေရတာဟာ နိုင်ငံတကာက စီးပွားရေးနဲ့ နိုင်ငံရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြစ်တင်လိုက်ပါတယ်။
ဩဂုတ် ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့အတိုင်း ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေများကို မိမိတို့အနေဖြင့် အားကိုးနေလို့ရမှာမဟုတ်ဘဲ ပြည်တွင်းမှာ ရှိသမျှသော စွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးကာ နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း” ပြောပါတယ်။
ဒါပေမဲ့ လက်ရှိမှာ ပြည်သူလူထုဟာ ကြီးမားတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကိန်းဂဏန်းတွေကို ယှဉ်ကြည့်ရင် ၂၀၂၀ ပြည့်နှစ်က ၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လက်ရှိ ၂၀၂၆ ခုနှစ်မှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အမေရိကန် တဒေါ်လာကို ၁,၃၃၀ ကျပ်ကနေ လက်ရှိမှာ ၄,၃၀၀ ကျပ် ဝန်းကျင်အထိ ရောက်ရှိနေပြီး အခေါက်ရွှေ တကျပ်သားဟာလည်း ကျပ် ၁၃ သိန်းဝန်းကျင်ကနေ ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်နေပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ကျပ် ၆၀,၀၀၀ ဝန်းကျင်ကနေ ကျပ် ၂ သိန်းခွဲကျော်၊ စားအုန်းဆီ တပိဿာကို ကျပ် ၁,၈၀၀ ဝန်းကျင်ကနေ ပြင်ပလက်လီဈေး ကျပ် ၁၅,၀၀၀ အထိ အဆမတန် ဈေးတက်နေတာပါ။
စစ်ခေါင်းဆောင်ကတော့ “အစိုးရတရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးရန် အဓိကတာဝန်ရှိပြီး နိုင်ငံ့စီးပွားနဲ့ ပြည်သူလူထုတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာလျှင် ပြည်သူလူထုက ယုံကြည်အားကိုးတဲ့ အစိုးရတရပ် ဖြစ်လာမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ အရေးယူပိတ်ဆို့မှုများ၊ စီးပွားရေးအရ ပိတ်ဆို့မှုများအကြားမှာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်းဆုံးသော နည်းလမ်းများဖြင့် ကျော်လွှားဆောင်ရွက်လျက်ရှိနေကြောင်း” ပြောပါတယ်။
တဖက်မှာတော့ အာဏာမသိမ်းမီ၊ ကိုဗစ်မဖြစ်မီက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ်မှာတော့ စီးပွားရေးတိုးတက်မှုက ၂ ရာခိုင်နှုန်းကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။











