
အမေရိကန်၊ ဗြိတိန်၊ ယူကရိန်းနဲ့ ဒိန်းမတ်နိုင်ငံတို့က စစ်သားတွေဟာ ဘောလ်တစ်ပင်လယ်ထဲက ဆွီဒင်ကျွန်းကြီး တခုဖြစ်တဲ့ ဂေါ့လန်းကျွန်းပေါ်မှာ စစ်ရေးလေ့ကျင့်နေကြပြီး ဒါဟာ ဒေသတွင်း လုံခြုံရေးအတွက် မဟာဗျူဟာအရ အရေးကြီးတယ်လို့ ရှုမြင်ကြပါတယ်။
Aurora 26 စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပဋိပက္ခတရပ်ကို ပွင့်ပွင့်လင်းလင်း မကြေငြာ မီ အခြေအနေတခုကို အခြေခံပြီး ဒီလေ့ကျင့်ခန်းကို တည်ဆောက်ထားပါတယ်။
အမည်မဖော်တဲ့ နိုင်ငံတနိုင်ငံက တပ်ဖွဲ့တွေက NATO ရဲ့ အရှေ့ဘက်နယ်စပ်အနားမှာ အင်အား တိုးချဲ့ စုရုံးနေပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ဆိုက်ဘာတိုက်ခိုက်မှု တွေနဲ့ သြဇာလွှမ်းမိုးမှုဆိုင်ရာ စစ်ဆင်ရေးတွေကို ရောနှောလုပ်ဆောင်နေချိန်မှာ တုံ့ပြန်ပုံကို လေ့ကျင့်နေတာပါ။
ဂေါ့လန်းကျွန်းပေါ်မှာ တပ်ဖွဲ့တွေဟာ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခမတိုင်မီ ကျွန်းကို ဘယ်လို အားဖြည့် ရမလဲဆိုတာနဲ့ အိမ်ရှင်နိုင်ငံအနေနဲ့ ဆွီဒင်နိုင်ငံက ပြည်ပကနေ ရောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့တွေ ကို ဘယ်လိုလက်ခံပြီး ပံ့ပိုးမလဲ ဆိုတာကို လေ့ကျင့်နေကြပါတယ်။
မေ ၁၁ ရက်မှာ တပ်ဖွဲ့တွေဟာ တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ပြီး တော့ဖ်တာ ပစ်ခတ်ကွင်းထဲမှာ ဒရုန်းတွေ၊ ဒရုန်းတိုက်ဖျက်ရေးစနစ်တွေအပြင် အမြောက်နဲ့ လေကြောင်းပံ့ပိုးမှုတွေကို သုံးပြီး လေ့ကျင့်ခဲ့ကြပါတယ်။
ယူကရိန်းအမျိုးသားအစောင့်တပ်နဲ့ ရေတပ်တို့က ဒရုန်းအော်ပရေတာတွေဟာ ယူကရိန်းစစ်ပွဲကနေ သင်ခန်းစာတွေယူပြီး ဆန့်ကျင်ဘက်တပ်ဖွဲ့အဖြစ် ဆွီဒင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ လေ့ကျင့်ခန်း မှာ ပါဝင်ခဲ့ကြပါတယ်။
Source:Reuters










