
ယူကရိန်းနိုင်ငံဆီ လက်နက်တွေ ပံ့ပိုးပေးနေတဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ထောက်ပံ့ပို့ဆောင်ရေးစခန်းကို ကာကွယ်ပေးနိုင်ဖို့ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ပိုလန်နိုင်ငံမှာ တပ်ချထားမယ်လို့ ဆွီဒင်ဝန်ကြီးချုပ် အူလ်ဖ် ခရစ္စတာရွှန်းက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။
ဆွီဒင်နိုင်ငံဟာ နယ်သာလန်နိုင်ငံကနေ ပံ့ပိုးထားတဲ့ ပက်ထရီရော့ စနစ်နေရာမှာ အစားထိုး ဝင်ရောက်မှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကို ဒီဇင်ဘာလမှာ စမှာပါ။
ဟယ်လ်စတက်ဒ်မြို့က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘက်ဆိုင်ရာဝန်ထမ်းအင်အား ၁၀၀ လောက်ကို စေလွှတ် တပ်ချထားမယ်လို့လည်း အစိုးရက ပြောပါတယ်။
NATO ရဲ့ လေပိုင်နက် စောင့်ကြည့် ထောက်လှမ်းရေးဆိုင်ရာ စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် ဂရစ်ပင်တိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံဆီ စေလွှတ်ချထားမယ်လို့ ဆွီဒင်နိုင်ငံက ပြီးခဲ့တဲ့အပတ် က ကြေညာခဲ့ပါတယ်။
ဂရစ်ပင်တိုက်လေယာဉ်တွေနဲ့ ပက်ထရီရော့ ဒုံးကျည်စနစ်တွေကို စေလွှတ်ချထားရတဲ့ ရည်ရွယ်ချက်ကတော့ ပိုလန်နိုင်ငံ လေဆိပ်မှာရှိတဲ့ NATO ရဲ့ ထောက်ပံ့ပို့ဆောင်ရေးစခန်းကို ကာကွယ်ပေးဖို့ပါပဲလို့ ဆွီဒင် ဝန်ကြီးချုပ်က ပြောပါတယ်။
ပိုလန်နိုင်ငံဆီ ပက်ထရီရော့စနစ် ဘယ်လောက်ပို့ပေးမလဲ ဆိုတာကိုတော့ ဆွီဒင်နိုင်ငံက ထုတ်မပြောခဲ့ပါဘူး။
Source:Reuters











