
တောင်ကိုရီးယား ကွန်တိန်နာသင်္ဘောတစင်းဟာ သြဂုတ် ၂၂ ရက်မှာ အာတိတ်သမုဒ္ဒရာက တဆင့် ဥရောပဆီ ထွက်ခွာခဲ့ပါတယ်။
အရှေ့တောင်ပိုင်းဆိပ်ကမ်း ဘူဆန်ကို ကမ္ဘာ့ရေကြောင်းဗဟိုချက်အဖြစ် ပြောင်းဖို့ မျှော်လင့်ချက်နဲ့ ရှင်သန်နိုင်မှုကို စမ်းသပ်ဖို့ သင်္ဘောလမ်းကြောင်းပေါ်မှာ ပထမဆုံး ကုန်သွယ်ရေးခရီးစဉ်အဖြစ် ထွက်ခွာခဲ့တာပါ။
PanStar Acro သင်္ဘောဟာ ရုရှားအရှေ့ပိုင်း ကမ်းချတ်ကာ ကျွန်းဆွယ်ကနေ ကပ်ပြီး မြောက်ဘက်ဆီ ခုတ်မောင်းခဲ့ပါတယ်။
ဘာရင်းပင်လယ်ကို ဖြတ်ကျော်ပြီး မြောက်ပိုင်းပင်လယ်လမ်းကြောင်းကို ဖြတ်သန်းရင်း ဗြိတိန်နိုင်ငံ ဖီးလစ်စတိုမြို့၊ နယ်သာလန်နိုင်ငံ ရော့တာဒမ်နဲ့ ပိုလန်နိုင်ငံ ဂဒန်စ်မြို့တို့မှာ ရပ်နားပြီးတဲ့နောက် ရက်ပေါင်း ၄၀ ကနေ ၄၅ ရက်အထိ ကြာဖို့ မျှော်လင့်ရတဲ့ ခရီးစဉ်နဲ့ ပြန်ထွက်လာမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ သင်္ဘောလုပ်ငန်းအင်အားကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားအတွက် အာတိတ်သင်္ဘောခရီးစဉ်ကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ဘူဆန်ကို ပြောင်းလဲဖို့နဲ့ ၂၀၃၀ ခုနှစ်မှာ အာတိတ်ကို ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်း တခုအဖြစ် ရပ်တည်နိုင်ရေး ကူညီပေးနိုင်တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို သီးခြားခွဲထားဖို့ မျှော်လင့်နေတဲ့ အနောက်တိုင်း မဟာမိတ်တွေနဲ့ ဒီစီမံကိန်းက ပဋိပက္ခ ဖြစ်စေနိုင်ပါတယ်။
သင်္ဘောက ရေခဲထဲမှာ ပိတ်မိနေတာလိုမျိုး ပြဿနာတွေကို ဖြေရှင်းဖို့ အကူအညီလိုတာ အပါအဝင် ခရီးစဉ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အစိုးရက ရုရှားအစိုးရနဲ့ တိုင်ပင်ခဲ့ပါတယ်။
တောင်ကိုရီးယား သမုဒ္ဒရာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters











