
တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ရှမ်း-ကရင်နီ နယ်စပ်နဲ့ နန်းမယ်ခုံဘက်တကြော ဆက်သွယ်ထားတဲ့ လမ်းတွေကို အသုံးပြု သွားလာတာတွေ မလုပ်ဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF) က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့မှာ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေ တိုက်ပွဲပြန်ဖြစ်နေတဲ့ အတွက် မိုးဗြဲအနောက်ဘက်ခြမ်းက လွယ်ဝိုင်း လွယ်ယင်း တောင်ခြေမှာရှိတဲ့ လီဝိုးနဲ့ နန်းမယ်ခုံကို ဆက်သွယ်ထားတဲ့ ဘယ်လမ်းကိုမဆို ဖြတ်သန်းသွားလာတာမလုပ်ဖို့ မိုးဗြဲ PDF က ဩဂုတ် ၂၇ ရက်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်တာပါ။
အင်အား ၃၀ လောက်ပါတဲ့ စစ်ကြောင်း ၂ ကြောင်း လွယ်ယင်းတောင်ခြေရွာထဲကို ဝင်လာတဲ့အတွက် တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲ PDF က “တိုက်ပွဲကတော့ ဒီမနက်မှာ စကစ က တောက်လျှောက်ထိုးလာတယ်။ စစ်ကြောင်းနှစ်ကြောင်းပေါ့၊ တကြောင်းကို လူအင်အား ၂၀ နဲ့ ၃၀ ကြား ခန့်မှန်းပေါ့နော်။ ၂ ကြောင်း၊ ၃ ကြောင်း ထိုးလာတာ တောက်လျှောက်ပဲ၊ တနေကုန် တိုက်ပွဲဖြစ်နေတာ” လို့ ပြောပါတယ်။
ဩဂုတ် ၂၈ ရက် မနက်အထိလည်း အဲဒီနေရာမှာ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
အဲ့ဒီနေရာတွေဟာ စပါးစိုက်ခင်း အများဆုံးရှိတဲ့ နေရာတွေ ဖြစ်တဲ့အတွက် စိုက်ခင်းတွေဆီကိုသွားမဲ့ စစ်ရှောင်တွေ၊ ဒေသခံတွေ ဒရုန်းနဲ့ လက်နက်ကြီးဒဏ်တွေ မထိစေဖို့ လမ်းပိတ်တာလို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
မိုးဗြဲမြို့ဟာ ဖယ်ခုံ-လွိုင်ကော်-နန်းမယ်ခုံ-ဒီးမော့ဆိုမြို့တွေကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိနေတဲ့အတွက် စစ်ရေးအရ ဗျူဟာကျနေတဲ့မြို့လည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုးဗြဲကို ထိန်းချုပ်ထားပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
၂၀၂၆ နှစ်စမှာတော့ စစ်တပ်က မိုးဗြဲအနောက်ခြမ်းကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်လို့ လွယ်ဝိုင်းနဲ့ လွယ်ယင်းတောင်ခြေနားက ဒေသခံတွေဟာ အဲ့အချိန်ကတည်းက ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဒါပေမဲ့ လက်ရှိမှာ မိုးဗြဲမြို့ကို ပြန်နေနေတဲ့ စစ်ရှောင်တွေ ရှိနေပြီး ပြီးခဲ့တဲ့ရက်က မိုးဗြဲကိုပြန်လာတဲ့ စစ်ရှောင်တွေထဲက ၇ ယောက် မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။
စစ်ရေးရင်းမြစ်က “ရွေးကောက်ပွဲတုန်းက စစ်တပ် ပြန်လာဖို့ခေါ်တဲ့အချိန် ပြန်သွားတဲ့သူတွေရှိသလို ဝမ်းရေးအတွက် ပြန်သွားရတဲ့သူတွေလည်း ရှိတယ်။ မြို့ထဲဝင်ပြီးရင် ပြန်ထွက်ဖို့က သူတို့ခွင့်ပြုမှ ထွက်လို့ရတာ။ အခုနောက်ဆုံး မိုင်းနင်းမိသူတွေဆို သူတို့မခေါ်ဘဲ ပြန်လာတဲ့အချိန်မှာ ဖြစ်လို့ဆိုပြီး ဆေးမကုပေးဘူး၊ အဲ့လို အခြေအနေတွေ ရှိတယ်။ ဒေသခံအများစုကတော့ မရှိကြပါဘူး၊ အစကတည်းက ရှောင်နေကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်တပ်ဟာ မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်ရင်းနဲ့ မိုးဗြဲရေကာတာ အပါအဝင် အဓိကနေရာတချို့ကို ထိန်းချုပ်ထားပြီး မြို့ပတ်လည်နဲ့ အနောက်ဘက်ခြမ်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်နေတာပါ။
တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေက လူဦးရေ သောင်းနဲ့ချီဟာ ဖယ်ခုံအနောက်ဘက်ကမ်းနဲ့ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
ကာလရှည်ကြာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ထဲကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားချိန်မှာ အခုလို မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်အာဏာရှင်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုနဲ့ လူသားဒိုင်းအဖြစ် အသုံးချခံရမဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
မောရစ်











