
အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ “စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်”တဲ့ အခြေအနေကို အဆုံးသတ်ဖို့ အဓိပတိခေါင်းဆောင်ကြီး မို့ဂျ်တာဘာ ခါမေနီက ညွှန်ကြားထားတယ်လို့ အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်က နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားတဲ့ အခြေခံမူဘောင်အောက်ကနေ ညှိနှိုင်းဆွေးနွေးပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ သမ္မတရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တာ့စ်နင်မ် သတင်းဌာနက နိုဝင်ဘာ ၉ ရက်က ဖော်ပြပါတယ်။
ဒါ့အပြင် အီရန်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကတဆင့် မိမိတို့ရဲ့ အခွင့်အရေးတွေကို ရယူနိုင်မယ်ဆိုရင် စစ်ပွဲဖြစ်ပွားတာကို ရှောင်ရှားသင့်ပေမဲ့ အင်အားသုံး ခြိမ်းခြောက် ဖိအားပေးမှုတွေကိုတော့ အညံ့ခံမှာ မဟုတ်ဘူးလို့ သမ္မတ ပေဇက်ရှ်ကီယန်က ပြောပါတယ်။
အဓိပတိခေါင်းဆောင်ကြီးရဲ့ ညွှန်ကြားချက်အသစ်အရ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပထဝီဝင်နယ်မြေ ကန့်သတ်ချက်မရှိဘဲ လုပ်ဆောင်နိုင်ဖို့အတွက် လျင်မြန်တဲ့ တုံ့ပြန်မှုတွေနဲ့ စစ်ဆင်ရေးဆိုင်ရာ ထိရောက်မှုတွေအပေါ် အလေးပေးဆောင်ရွက်သွားမယ်လို့ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာ မီနီယာရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန်နိုင်ငံပိုင်သတင်းဌာန (IRNA) က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
အရင်က ကာကွယ်ရေးနဲ့ လက်တုံ့ပြန်တားဆီးရေးအပေါ် အခြေခံထားတဲ့ အီရန်ရဲ့ စစ်ရေးဆိုင်ရာ မူဝါဒဟာ အခုခါ စစ်ဆင်ရေးဆိုင်ရာ ဦးတည်ချက်ဘက်ကို ပြောင်းလဲလာနေပြီဖြစ်ကြောင်း အာကရာ မီနီယာက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာလည်း အီရန်အနေနဲ့ သူ့ရဲ့ စစ်ရေးစွမ်းရည်ကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီး တားဆီးကာကွယ်နိုင်စွမ်းကိုလည်း ပိုမိုမြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။
Source: Reuters











