
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်း အကျဉ်းထောင်တွေကနေ စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား ၁၄၆ ယောက် လွှတ်ပေးလိုက်ပေမဲ့ သာမာန်အမှုနဲ့ အကျဉ်းကျနေတဲ့သူတွေသာ အများဆုံးပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံတဝန်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ ၁,၅၀၀ ကျော်ကို စစ်အာဏာရှင်က ဧပြီ ၃၀ ရက် ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အထဲမှာ ဧရာဝတီတိုင်း အကျဉ်းထောင်တွေက အကျဉ်းသား ၁၄၆ ယောက် လွတ်မြောက်ခဲ့တာဖြစ်ပြီး သာမန်ပုဒ်မတွေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေသာ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “ဧရာဝတီတိုင်း တတိုင်းလုံးအတိုင်း အတာအနေနဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၁၄၆ ယောက် လွတ်ငြိမ်းထဲပါခဲ့တယ်။ သာမန်မှုခင်းနဲ့ အကျဉ်းကျနေတဲ့သူတွေများတယ်။ အကျဉ်းသားတွေကို မနက် ၉ နာရီခွဲကတည်းက လွှတ်ပေးတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင် စတဲ့အကျဉ်းထောင်တွေထဲကနေ အမျိုးသား ၁၁၅ ယောက်၊ အမျိုးသမီး ၃၁ ယောက် စုစုပေါင်း ၁၄၆ ယောက် လွတ်မြောက်ခဲ့တာဖြစ်ပြီး လုယက်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ ခိုးမှု၊ လောင်းကစားမှု စတဲ့ ပြစ်မှုတွေနဲ့ အကျဉ်းကျနေတဲ့သူတွေ အများဆုံးပြန်လွတ်လာတာလို့ ဆိုပါတယ်။
အကျဉ်းသားတွေကို စစ်အာဏာရှင်က နောက်ထပ်တကြိမ် ပြစ်မှုကျူးလွန်ပါက အခုလျော့ပေါ့ပေးတာကြောင့် ကျခံဖို့ ကျန်တဲ့ပြစ်မှုကို ပေါင်းစည်းကျခံပါမယ်ဆိုတဲ့ သတ်မှတ်ချက် နဲ့ လွှတ်ပေးခဲ့တာလို့ သိရပါတယ်။











