
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ လူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူး အသစ်တွေကို နေရာမပေးဘဲ အရင်အုပ်ချုပ်ရေးမှူးအဟောင်းတွေကိုသာ ဆက်ပြီး ခန့်ထားတာကြောင့် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြောင်းမြ၊ ဝါးခယ်မ၊ မော်ကျွန်း၊ အိမ်မဲ၊ ကျောင်းကုန်း အပါအဝင် မြို့နယ်တချို့မှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေလုပ်ပြီး လူထုဆန္ဒနဲ့ အသစ်ရွေးချယ်စေခဲ့ပေမဲ့ လက်ရှိမှာ ရွေးချယ်ခံထားရသူတွေ နေရာမရဘဲ အရင်အုပ်ချုပ်ရေးမှူး အဟောင်းတွေကသာ နေရာယူထားကြတာ ဖြစ်ပါတယ်။
မော်လမြိုင်ကျွန်းဒေသခံတယောက်က “ခရိုင်မှာ သင်တန်းတွေ ဘာတွေ သွားတက်ကြရတာရှိတယ်။ ပြီးတော့မှ နေရာမပေးဘဲ အရင်လူတွေကိုပဲ ဆက်ထားနေတာ။ အဲဒီလိုလုပ်မယ်ဆိုရင် အရင်တည်းက မရွေးနဲ့ပေါ့။ အခုဟာက လူထုဆန္ဒကို သက်သက်စော်ကားတာ” လို့ ပြောပါတယ်။
မြောင်းမြခရိုင်တခုတည်းမှာပဲ ကျေးရွာနဲ့ ရပ်ကွက် ၁၅၀ ဝန်းကျင်အတွက် အုပ်ချုပ်ရေးမှူးတွေ အသစ်ရွေးထားပြီး တိုင်းအတွင်းက ကျန် ခရိုင်နဲ့မြို့နယ်တွေမှာလည်း အလားတူဖြစ်စဉ်တွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိမှာ အရင်လူဟောင်းတွေသာ ဆက်နေရာယူထားတာ ဖြစ်တဲ့အတွက် အဂတိလိုက်စားမှုတွေနဲ့ အာဏာပြမှုတွေ ဆက်ရှိနေတဲ့အပေါ် ဒေသခံပြည်သူတွေက မနှစ်မြို့ကြဘူးလို့လည်း အိမ်မဲမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
“အရင်အုပ်ကြီးတွေက အစားတလိုင်းတွေချည်းပဲ။ စစ်မှုထမ်းကိစ္စမှာတင် အကုန် တိုက်ဆောက်ကုန်ပြီ။ ကျန်တဲ့ ထောက်ခံစာတို့ ဧည့်စာရင်းတို့မှာလည်း တောင်းတာပဲ။ အခု ဒီလူတွေပဲ ထပ်ပြီးနေရာရနေတော့ ပြီးပြီပေါ့။ ရပ်ရွာအကျိုးကျ ဘယ်နေရာမှ အားကိုးလို့မရဘူး။”
စစ်အာဏာရှင် မင်းအောင်လှိုင် သမ္မတရာထူး ယူပြီးတဲ့နောက် နိုင်ငံတဝန်း သူ့ဩဇာခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ခန့်ဖို့ ဒေသအလိုက် ရွေးချယ်ပွဲတွေ လုပ်ခဲ့ပေမဲ့ နှစ်ဝက်နီးပါး ကြာတဲ့အထိ လူထုက ရွေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို တာဝန်လွှဲပေးတာ မလုပ်ဘဲ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ပလဲနံပသင့်တဲ့ လူဟောင်းတွေသာ နေရာဆက်ယူထားတဲ့ အခြေအနေပါ။
ဒါပေမဲ့ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့် တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်တာ မရှိတဲ့အပေါ်မှာလည်း ဒေသခံ ပြည်သူတွေက မေးခွန်း ထုတ်နေပါတယ်။











