၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (E) ပွဲစဉ်မှာ အိုင်ဗရီကို့စ်အသင်းက ကူရာဆောင်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ နောက်တဆင့်တက်ဖို့ သရေတမှတ်သာ လိုအပ်တဲ့ အိုင်ဗရီကို့စ်အသင်းဟာ ပွဲစကတည်းက ဖိကစားနိုင်ခဲ့တာပါ။
အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကိုတော့ အာဆင်နယ် တိုက်စစ်မှူးဟောင်း နီကိုးလပ်စ်ပေပေက ပွဲချိန် ၇ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ကူရာဆောင်အသင်းဘက်ကလည်း ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးသတ်သေချာမှု အားနည်းခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုဒုတိယနေရာနဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကူရာဆောင် အသင်းကတော့ အုပ်စုအောက်ဆုံးနေရာနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။











