
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေးတချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအဖွဲ့ထံ လွှဲပြောင်းပေးမဲ့ လျှို့ဝှက်အစီအစဉ်နဲ့ ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုက ဖီဖာကောင်စီကို ပြန်လည်တောင်းပန်လိုက်တယ်လို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၅ ရက်က ပြုလုပ်တဲ့ ကောင်စီအစည်းအဝေးမှာ အင်ဖန်တီနိုက ဆက်သွယ်ဆွေးနွေးမှု အလွဲအမှားတွေအတွက် တောင်းပန်ခဲ့ပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒက်ဘီ ဟီးဝစ် ကတော့ အချက်အလက်တွေ ပွင့်လင်းမြင်သာစွာ မချပြပါက သူ့အနေနဲ့ ဖီဖာဥက္ကဋ္ဌ ရာထူးနဲ့ မထိုက်တန်ကြောင်း ဝေဖန်ခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း အင်ဖန်တီနို အပေါ် ဥပဒေကြောင်းအရ အရေးယူဖို့ ပြင်ဆင်နေပြီး လျှို့ဝှက်စာရွက်စာတမ်းတွေ ချပြဖို့ အမေရိကန် တရားရုံးတွေမှာ တိုင်ကြားထားကြောင်း သိရပါတယ်။











