ခြေပြတ်လက်ပြတ် ဘောလုံးကမ္ဘာ့ဖလားချန်ပီယံ ဂါနာအသင်း အောင်ပွဲခံ
၂၀၂၆ ခုနှစ် ခြေပြတ်လက်ပြတ်သူများ ဘောလုံးကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂါနာလက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၂၆ ရက်မှာ နေရပ်ပြန်ရောက်လာပြီး မြို့တော် အက်ကရာရဲ့ လမ်းမတွေပေါ် လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ နိုဝင်ဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ ဂါနာက မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က အန်ဂိုလာအသင်း ကမ္ဘာ့ဖလား ရရှိခဲ့ပြီးနောက် ဂါနာဟာ ကမ္ဘာ့ဖလားရရှိတဲ့ ဒုတိယမြောက် အာဖရိကနိုင်ငံ ဖြစ်လာပါတယ်။
ဒီဘောလုံးပြိုင်ပွဲမှာ တသင်းကို ဂိုးသမား အပါအဝင် ကစားသမား ၇ ယောက်စီ ပါဝင်ပါတယ်။ ဂိုးသမားကလွဲလို့ ကျန်ကစားသမားတွေဟာ ခြေတုတပ်ဆင်ခွင့်မရှိဘဲ လက်ဖျံထောက် ချိုင်းထောက်တွေနဲ့ ခြေတဖက်တည်း အသုံးပြု ကစားရပါတယ်။
ဂိုးသမားတွေကတော့ လက်တဖက် ဆုံးရှုံးထားသူတွေဖြစ်ပြီး ပင်နယ်တီဧရိယာ အပြင်ဘက်ကို ထွက်ကစားခွင့် မရှိပါဘူး။ ပွဲချိန်က တပိုင်းကို ၂၅ မိနစ်စီနဲ့ စုစုပေါင်း မိနစ် ၅၀ ဖြစ်ပြီး လူကျွံဘောစည်းမျဉ်း မရှိပါဘူး။
ဘောလုံးကို ချိုင်းထောက်နဲ့ တမင်ထိတာကို လက်ထိဘောအဖြစ် သတ်မှတ်ပြီး ပြိုင်ဘက်ဆီက ဘောလုံးကို လျှောထိုးဖျက်ထုတ်ခွင့်လည်း မရှိပါဘူး။
ပြိုင်ဘက်ကစားသမားကို ချိုင်းထောက်နဲ့ ရန်ပြုရင် အနီကတ်ပြပြီး ကွင်းထဲက ထုတ်ပယ်ခံရမှာ ဖြစ်သလို ပြိုင်ဘက်အသင်းကိုလည်း ပင်နယ်တီကန်ခွင့် ပေးမှာဖြစ်ပါတယ်။
“ကျောင်းတက်တုန်းက ကျနော့်ကို လှောင်ပြောင်ခဲ့တဲ့ ကျောင်းနေဘက်တွေက အခုတော့ ကျနော့်ကို ဂုဏ်ပြုနေကြပါတယ်” လို့ အသက် ၇ နှစ်အရွယ်မှာ ကားမတော်တဆမှုကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ရတဲ့ ဂါနာကစားသမား ရစ်ချတ်အက်ကွမ်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပြောခဲ့ပါတယ်။
Photo: Reuters











