
အီရန်စစ်ပွဲ နောက်ဆက်တွဲ စက်သုံးဆီဂယက် တလမပြည့်ခင်မှာပဲ ပြည်တွင်းက အခြေခံလူတန်းစား မိသားစုဝင်တွေရဲ့ မီးဖိုချောင်နဲ့ ထမင်းဝိုင်းတွေအထိ ရိုက်ခတ်အောင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီး ထမင်းနပ်မှန်အောင် စားရဖို့ ရုန်းကန်နေရကြတယ်လို့ အခြေခံလူတန်းစားတချို့က ပြောပါတယ်။
လေယာဉ်နဲ့ ၈ နာရီလောက် ပျံသန်းရပြီး မိုင်ပေါင်း ၃,၃၀၀ ကျော်ဝေးတဲ့ အီရန်နိုင်ငံမှာ ဖြစ်နေတဲ့ စစ်မီးဟာ အခုတော့ မြန်မာနိုင်ငံက အိမ်ထောင်စုတိုင်းရဲ့ ထမင်းဝိုင်းထဲအထိ ကူးစက်လာပါပြီ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေဆီ ရေနံနဲ့ ဓာတ်ငွေ့တင်ပို့တဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်တာကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီကို ဝယ်ယူရ ခက်ခဲလာခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီက ကြေညာချက်မျိုးစုံထုတ်ပြီး စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာဖြစ်လို့ ကုန်ဈေးနှုန်းတွေလည်း အဆမတန် ကြီးမြင့်နေတယ်လို့ အိမ်ရှင်မတွေက ပြောကြပါတယ်။
မွန်ပြည်နယ်မှာတော့ စက်သုံးဆီ ဝယ်ယူရ ခက်နေသလို ပြီးခဲ့တဲ့ မတ် ၁၀ ရက်မှာ ကြက်ဥတလုံး ကျပ် ၄၀၀ ဝန်းကျင်ကနေ ကျပ် ၅၅၀၊ ကန်စွန်းရွက် အသေးတစီးကို ငွေကျပ် ၅၀၀ ဝန်းကျင်၊ ကန်စွန်းရွက်အကြီး တစီးကို ငွေကျပ် ၁,၂၀၀ ကနေ ၂,၀၀၀ အထိ ဈေးတက်လာပြီး ဂေါ်ဖီတထုပ်ကို ငွေကျပ် ၂,၀၀၀ ကနေ ၃,၅၀၀ အထိ ပေးဝယ်နေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
အစိုးရဝန်ထမ်းလစာကတော့ ရာထူးအဆင့်အလိုက် တလကို ငွေကျပ် ၁၈၀,၀၀၀ ကနေ ၃၀၀,၀၀၀ အကြား ရှိသလို ပန်းရံအလုပ်သမားတယောက်ရဲ့ အခြေခံလုပ်အားခကတော့ တနေ့ကို ငွေကျပ် ၂၀,၀၀၀ ဝန်းကျင် ရရှိပါတယ်။
အဲဒီလုပ်အားခ ပမာဏကလည်း စက်သုံးဆီရှားပါးပြီးနောက်ပိုင်း တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အခြေခံစားသောက်ကုန် ဝယ်ယူဖို့ကိုတောင် လက်လှမ်းမမီတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်လာတဲ့အတွက် တနေ့တနေ့ ထမင်းနပ်မှန်အောင် စားရဖို့ ကြိုးစားနေရတယ်လို့ မွန်ပြည်နယ် ကျိုက်ထိုမြို့နေ အိမ်ရှင်မတယောက်က ပြောပြပါတယ်။
“အစတုန်းကလည်း ၁၀၀ လောက်တက်၊ ၂၀၀ လောက်တက်နဲ့။ အခု တက်လိုက်ရင် ၈၀၀၊ ၁,၀၀၀ ကြီးပဲ။ ကန်စွန်းရွက်ကတော့ ၅ စည်းယူရင် ၂,၀၀၀ ပေါ့၊ တစည်းကျတော့ ၅၀၀၊ အစေ့စိုက် ကန်စွန်းအသေးလေးတွေပေါ့။ ရန်ကုန်ကန်စွန်းကတော့ သွားမမေးနဲ့ ၂,၀၀၀။ ဒီလိုပဲပေါ့ကွယ် စားရတဲ့သူက စားရ၊ ငတ်တဲ့သူက ငတ်ပေါ့။ ကိုယ်တွေသာ စားနေရတာ၊ သူများတွေ အခုလောက်ဆို ငတ်နေကြပြီ မဟုတ်ဘူးလား။ လုပ်အားခကျတော့ ဘယ်လောက်တက်ပေးလဲ သိလား၊ တနေ့ကို ၂,၀၀၀ လောက် တက်ပေးတယ်။ တက်နေတဲ့ ကုန်ဈေးနှုန်းက ကြောက်စရာကြီး။ ပိုက်ဆံ ၂၀,၀၀၀ လောက်က လူ ၂ ယောက်တောင် မလောက်တော့ဘူး။”
စက်သုံးဆီ ရည်ညွှန်းဈေးတွေကတော့ ဖေဖော်ဝါရီ ၂၇ ရက်မှာ အောက်တိန်း ၉၅ တလီတာကို ကျပ် ၂,၄၈၀ ဈေးရှိရာမှ မတ် ၂၃ ရက်မှာ ၃,၆၅၀ ကျပ် ဈေးတက်ခဲ့တဲ့အတွက် ၄၇ ရာခိုင်နှုန်း၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၈၄၅ ကျပ် ရှိခဲ့ရာကနေ ၄,၈၂၀ အထိ ဈေးမြင့်တက်ခဲ့တဲ့အတွက် ၆၉ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့ပါတယ်။
အဲဒီလို မြင့်တက်လာတဲ့ ဈေးတွေကလည်း စစ်ကောင်စီ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေ ဖြစ်ပါတယ်။
လက်တွေ့ မြေပြင်မှာတော့ မှောင်ခိုဈေးကွက်မှာ စက်သုံးဆီတလီတာကို အနည်းဆုံး ငွေကျပ် ၈,၀၀၀ အထိ ပေါက်ဈေးရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေမှာတော့ စက်သုံးဆီ တလီတာ ကျပ် ၁၅,၀၀၀ ကနေ ၂၅,၀၀၀ အထိ အသီးသီး ပေါက်ဈေးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီ ရရှိဖို့ကိုတော့ ဆီဆိုင်တွေမှာ တန်းစီရပြီး ဆိုင်မှာရှိတဲ့ ဆီလက်ကျန်ကို ချိန်ဆကာ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
စက်သုံးဆီရဖို့အတွက် ဆီဆိုင်မှာ မနက် ၅ နာရီကစပြီး ဆိုင်ကယ်တွေနဲ့ တန်းစီကြသူတွေ ရှိသလို ကားတွေကတော့ ညအိပ်တန်းစီကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ဆီရဖို့က မသေချာဘဲ ဆီတန်းစီရတဲ့ အလုပ်တွေသာ ထပ်ဆင့်ပိုလာကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဘက်ပေါင်းစုံက အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတဲ့ လူထုဟာ လက်ရှိ စက်သုံးဆီ အကျပ်အတည်း နောက်ဆက်တွဲ ရိုက်ခက်မှုကို ထပ်မံရင်ဆိုင်နေရပြန်ပါတယ်။
ဒီကာလ ကြာရှည်လာရင် ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာပြီး လူထုအကျပ်အတည်း ပိုလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံဟာ သွင်းကုန်အပေါ်ကို မှီခိုရတဲ့နိုင်ငံ ဖြစ်လို့ စက်သုံးဆီ ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ တခြားနိုင်ငံတွေထက် ပိုပြီး ထိခိုက်မှုများနိုင်တယ်လို့ ဘောဂဗေဒပညာရှင် ဂျရတ်ဘစ်ဆင်းဂျားက သုံးသပ်ပါတယ်။
“မြို့ပေါ်က လူတွေအတွက်ကတော့ ခြံကနေ ဈေးကို ကုန်စည်တွေ ပို့ဆောင်ခ ဈေးကြီးလာတဲ့အတွက် ကုန်ဈေးနှုန်း ပိုကြီးပေးရတာမျိုး ဖြစ်လာမယ်။ မြန်မာနိုင်ငံက သွင်းကုန်အပေါ်မှာလည်း အတော်လေး မှီခိုနေရတာပါ။ အဲဒါကြောင့် ရေနံနဲ့ စက်သုံးဆီကို ကိုယ်တိုင်ထုတ်နိုင်တဲ့ နိုင်ငံတွေထက်စာရင် ပိုပြီး ထိခိုက်လွယ်ပါတယ်။ ဒါဆိုရင် အရပ်ဘက်အတွက်က ပိုနည်းသွားမယ်။ သူတို့က ရေနံတင်မကဘဲ ငွေကြေးကိုပါ လက်ဝယ်ထားထားတာဆိုတော့ သူတို့စိတ်ကြိုက် ခွဲဝေသုံးစွဲကြလိမ့်မယ်။ အဲဒီတော့ အရပ်သားတွေအပေါ် သက်ရောက်မှုက နှစ်ဆ ပိုဆိုးသွားတာပေါ့။”
အရှေ့အလယ်ပိုင်း ပဋိပက္ခက ဘယ်အချိန်မှာ အဆုံးသတ်နိုင်မလဲ မသိသေးတဲ့အတွက် စစ်ကောင်စီအနေနဲ့ စက်သုံးဆီပြဿနာကို ဖြေရှင်းဖို့နည်းလမ်း မတွေ့ရသေးဘူးလို့လည်း ဘောဂဗေဒပညာရှင် ဂျရတ်ဘစ်ဆင်းဂျားက ဆက်လက် သုံးသပ် ပြောပြပါတယ်။
လက်ရှိမှာ စစ်တပ်က စက်သုံးဆီ ရက် ၄၀ စာ ရှိနေတယ်လို့ ပြောနေပေမဲ့လည်း လူထုရဲ့ စိုးရိမ်ပူပန်မှုကို နှစ်သိမ့်နိုင်မှာ မဟုတ်သလို အခြေခံလူတန်းစား ပြည်သူတွေရဲ့ ထမင်းဝိုင်းဟာလည်း ပိုပြီး ခက်ခဲလာဖို့ပဲ ရှိပါတယ်။
သီရိ











