
ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် ရန်ကုန်မြို့က အခြေခံမိသားစုတွေအနေနဲ့ နေ့စဉ် စားသောက်စရိတ်ကို လျှော့ချနေရပြီး အရင်က စားသုံးနိုင်ခဲ့တဲ့ အစားအစာပမာဏကိုတောင် ထက်ဝက်လောက် လျှော့ချစားသောက်နေကြရတယ်လို့ အိမ်ထောင်ရှင်မတွေက ပြောပါတယ်။
ဆန်၊ ဆီ၊ သားငါးနဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အိမ်ထောင်စုတွေ အနေနဲ့ အစားအသောက်ကို ချွေတာနေရသလို ကျောင်းတက်နေတဲ့ ကလေးတွေအတွက် ထမင်းချိုင့်နဲ့ မုန့်ဖိုးတွေကိုလည်း လျှော့ချနေရတယ်လို့ မိသားစုတွေရဲ့ မီးဖိုချောင်မှာ အဓိက ကျတဲ့ အိမ်ထောင်ရှင်မတွေက ဆိုပါတယ်။
အိမ်ရှင်မတွေရဲ့ ပြောကြားချက်အရ ပေါ်ဆန်းဆန်တချို့ဟာ အရင်က တပြည်ကို ကျပ် ၉,၀၀၀ ဝန်းကျင်ရှိရာကနေ လက်ရှိမှာ ကျပ် ၁၂,၀၀၀ ဝန်းကျင်အထိ ရှိလာပြီး စားအုန်းဆီက ကျပ် ၂၀,၀၀၀ ဝန်းကျင်၊ ပဲဆီက ကျပ် ၂၈,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။
ကြက်သွန်နီတဆယ်သားက အရွယ်အစားပေါ်မူတည်ပြီး ကျပ် ၈၀၀ ကနေ ၁,၂၀၀ ဝန်းကျင်၊ တရုတ်ကြက်သွန်ဖြူအမွှာကြီးက ကျပ် ၁၅,၀၀၀ ဝန်းကျင်ရှိနေပါတယ်၊
သားငါးဈေးနှုန်းတွေမှာလည်း ငါးကြင်းအကောင်သေးတကောင်ကို ကျပ် ၂,၅၀၀ ကနေ ၃,၀၀၀ ဝန်းကျင်၊ အကောင်ကြီးခုတ်သားကို ကျပ် ၄,၀၀၀ ဝန်းကျင်ရှိပြီး အမဲသားက ကျပ် ၄,၀၀၀၊ ဝက်သားက ကျပ် ၃,၈၀၀ ကနေ ၄,၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။ ပုစွန်အသေးက ကျပ် ၄,၀၀၀၊ အကြီးက ကျပ် ၅,၀၀၀ ကနေ ၆,၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။
တောင်ဥက္ကလာပမြို့နယ် အိမ်ရှင်မတယောက်က “ဈေးနှုန်းတွေက ဒီလောက်များနေတော့ ဆန်ဆိုရင်လည်း အရင်တုန်းကလို ထမင်းကို ပေါပေါလောလောလည်း မချက်နိုင်တော့ဘူး။ လူ ၃ ယောက်စာဆိုရင် နို့ဆီဘူး တလုံးခွဲပဲ တိုင်းပြီးတော့ပဲ ချက်တာ။ ဟင်းဆို ရင်လည်း အရင်တုန်းက ဥပမာ ၅၀ သားကို ညမနက်တဲ့ပေါ့ အစိပ်သား ညမနက်တဲ့ ဒီလိုမျိုးလေးတွေ ချက်တဲ့နေရာမှာ အခုကတော့ ထက်ဝက်လောက်ပဲ ချက်နိုင်တော့တယ်။ ဘဲဥချက်တယ်ဆိုရင်လည်း အရင်က တလုံးစားမဲ့နေရာမှာအခု တခြမ်းပဲစားအာလူးလေးနဲ့မျှ၊ တလလုံး ခြုံကြည့်ရင်လည်း ၁၀ သိန်း လောက်ကတော့ အသာလေးကုန်တယ်။ ကိုယ့်အိမ်မှာ ကျန်းမာရေးမကောင်းတဲ့ ဆေးဖိုးဝါးခ မပါတဲ့အပြင် အိမ်သုံးစရိတ်ကို ၁၀ သိန်းလောက်ကုန်တယ်။ မနည်းကို ချွေတာချွေတာနဲ့ တိုင်းတာပြီးတော့ စစ်စစ်ဖာဖာနဲ့ ချက်ရပါတယ်၊ မီးတွေကပျက်တော့ ဂတ်စ်တွေကလည်း ဈေးတွေတက်တယ် ဂတ်စ်တဘူးကို ၂,၅၀၀ အခု”လို့ ပြောပါတယ်။
ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေမှာလည်း ကန်စွန်းရွက်တစည်းကို ကျပ် ၁,၀၀၀၊ ကန်စွန်းရိုးနီ တစည်းကို ကျပ် ၅၀၀၊ ရုံးပတီသီး ၅ တောင့်ကို ကျပ် ၅၀၀၊ ဘူးသီးတစိတ်ကို ကျပ် ၂,၀၀၀၊ ခရမ်းသီးတလုံးကို ကျပ် ၁,၀၀၀ နဲ့ ဂေါ်ရခါးသီးတလုံးကို ကျပ် ၅၀၀ ဝန်းကျင် ပေးဝယ်နေရတယ်လို့ သိရပါတယ်။
ဂျင်း ၁၀ သားကို ကျပ် ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့ အိမ်ထောင်ရှင်မတွေဆီကနေ သိရပါတယ်၊ အခုဈေးနှုန်းတွေဟာ နေရာဒေသကို လိုက်ပြီး ပြောင်းလဲနိုင်ကြောင်းလည်း သိရပါတယ်၊ အခုလို မြင့်တက်လာတဲ့ဈေးနှုန်းတွေနဲ့ ကျောင်းသားရှိတဲ့ မိသားစုတွေ မှာတော့ ကလေးကျောင်းထမင်းချိုင့်အတွက်သာ အဓိကထား ပြင်ဆင်ပေး နိုင်ကြောင်း ဆိုပါတယ်။
လှိုင်မြို့နယ် အိမ်ရှင်မတယောက်က “ကုန်ဈေးနှုန်းက အခု ၆ လအတွင်းမှာဆိုရင် သူက ၃ ဆလောက်တက်သွားတာ။ ကြက်သွန်နီဆို ၃ ဆ ၄ ဆလောက် တက်သွားတယ်။ ဆန်၊ ဆီ၊ စား အကုန်တက်တာပေါ့နော်။ ကျန်တဲ့ အသီး အရွက်၊ သားငါးတွေလည်း အကုန်တက်တယ်။ အရင်က ဆန် ၃ ပြည်ဝယ်လို့ရတဲ့ ပိုက်ဆံက အခု ဆန် ၂ ပြည်ပဲ ဝယ်လို့ရတော့တယ်။ အရင်က ၂ ပတ်စာ ဝယ်လို့ရတဲ့ ပိုက်ဆံက အခု ၁ ပတ်စာပဲ ရတော့ တာပေါ့နော်။ ကျောင်းတက်တဲ့ ကလေးတွေရှိတဲ့ အိမ်ရှင်မတွေအတွက်ဆိုရင် ပိုဆိုးတယ်။ ကျောင်းထမင်းချိုင့်ကိုသာ အဓိကလုပ်ပြီးတော့ အိမ်မှာ ဖြစ်သလို စားကြတာပေါ့နော်။ အဲဒါကြောင့် ကိုယ်တယောက်တည်းလောက်ဆုံး မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ တော်တော်များများ အဲလိုမျိုး ညည်းညူသံတွေကို ကြားရတယ်ပေါ့နော်။ ပြီးတော့ ကလေးဆိုရင်လည်း ကျောင်းမုန့်ဖိုးကို အရင်က မုန့် ၂ ခု ထည့်ပေးနိုင်တယ်ဆို အခုဆို ၁ ခုပဲ ထည့်နိုင်တော့တယ်။ ဟင်း ၂ မျိုး မထည့်ပေးနိုင်ကြတော့ဘူး။ ဟင်းကိုလည်း ၁ မျိုးပဲ ထည့်ပေးနိုင်ကြတော့တယ်ပေါ့”လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ငွေဖောင်းပွမှုနှုန်းဟာ ဧပြီလအတွင်း ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာမူဝါဒ သုတေသနအဖွဲ့ IFPRI ရဲ့ အစီရင်ခံစာမှာလည်း ဩဂုတ်လအတွင်း ဆန်ဈေးနှုန်းဟာ ယခင်နှစ်ကာလတူထက် ၁၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ တယ်လို့ ဖော်ပြပါတယ်။
အခုလို ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အခြေခံစားသောက်ကုန်တွေ ဝယ်ယူနိုင်စွမ်းအပေါ် ဖိအားတွေ ပိုမိုများပြားလာပြီး မိသားစုတွေအနေနဲ့ နေ့စဉ်စားသောက်မှုကို လျှော့ချချွေတာနေရတာ ဖြစ်ပါတယ်။
ဝေဝေ











