
စကော့တလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ စတိဗ်ကလပ်ခ်ဟာ အသင်းအတွက် ၇ နှစ်တာ တာဝန်ယူခဲ့ရာကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
စကော့တလန်ဟာ အုပ်စုတွင်းမှာ ဟေတီကို (၁-၀) ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ မော်ရိုကို နဲ့ ဘရာဇီးလ်တို့ကို ရှုံးနိမ့်ခဲ့ကာ ရမှတ် ၃ မှတ်နဲ့ အုပ်စုတတိယနေရာမှာပဲ ရပ်တည်ခဲ့တာဖြစ်လို့ ရှုံးထွက် နောက်တဆင့်ကို မတက်လှမ်းနိုင်ခဲ့ပါဘူး။
စကော့တလန်ဟာ မော်ရိုကိုနဲ့ ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို ဘရာဇီးလ်နဲ့ပွဲမှာလည်း (၃-၀) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ စတိဗ်ကလပ်ခ်ဟာ သူ့လက်ထက်မှာ စကော့တလန်အသင်းကို ယူရိုပြိုင်ပွဲ ၂ ကြိမ်နဲ့ ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ပြီး ကမ္ဘာ့ဖလားကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ကလပ်ခ်က နုတ်ထွက်စာတစောင် ရေးသားခဲ့ပြီး သူ့ရဲ့ ၇ နှစ်တာကာလအတွက် ဂုဏ်ယူကျေနပ်မိကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
သူ့ကို နည်းပြရာထူး ကမ်းလှမ်းတုန်းက ဒီအလုပ်ဟာ အဆိပ်ခွက်လိုပါပဲလို့ လူအများက ပြောခဲ့ကြတာကိုလည်း ပြန်ပြောင်းပြောပြပါတယ်။
အသင်းအနေနဲ့ ပြိုင်ပွဲကြီးတွေ ဆက်တိုက်ဝင်ခွင့်ရနေမယ်ဆိုရင် ရှုံးထွက်အဆင့်ကို ရောက်နိုင်မယ်လို့လည်း သူက ယုံကြည်ကြောင်းပြောဆိုခဲ့ဖူးပါတယ်။










