
နိုင်ဂျီးရီးယားနိုင်ငံ နိုဂျာပြည်နယ် မြို့တော် မင်နာမှာ တရားမဝင် သတ္တုတူးဖော်မှု သံသယနဲ့ ဖမ်းဆီးခံထားရသူ ၃၇ ယောက် ပြည်သူ့စစ်တပ်ဖွဲ့ အချုပ်ခန်းအတွင်း သေဆုံးသွားခဲ့တာကြောင့် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ပြီး ဒီသေဆုံးမှုအပေါ် လူပေါင်းရာချီ ဆန္ဒပြကြခဲ့ ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက မင်နာမြို့အနောက်ဘက် ဝူရှီရှီ-လူကိုတို ဒေသမှာရှိတဲ့ တရားမဝင် ရွှေမှော်တွေကို ဝင်ရောက်စီးနင်းပြီး သတ္တုတူးသူ အမြောက်အမြားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို ပြည်ထဲရေးဝန်ကြီးဌာနအောက်က နိုင်ဂျီးရီးယား လုံခြုံရေးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSCDC) ရဲ့ အချုပ်ခန်းတွေထဲမှာ စက်တင်ဘာ ၁၇ ရက်က သေဆုံးလျက်သား တွေ့ရှိခဲ့ကြတာပါ။
သေဆုံးသူအများစုဟာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား ကလေးသူငယ်တွေဖြစ်ပြီး သတ္တုတူး လို့ရတဲ့ ပိုက်ဆံအတွက် ကျောင်းမတက်ဘဲ အလုပ်ဆင်းနေကြသူတွေ ဖြစ်ပါတယ်။
သေဆုံးသူတွေကိုတော့ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာအတိုင်း ကြာသပတေးနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ NSCDC တပ်ဖွဲ့က စတင်ဖြစ်ပွားစဉ်က ရောဂါကူးစက် ပြန့်ပွားမှုကြောင့် ဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆေးစစ်ဆေးမှု တွေလုပ်ပြီးမှပဲ အတည်ပြုနိုင်မယ်လို့ ပြောင်းလဲပြောဆိုခဲ့ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမက်ဒ် အူမာရူး ဘာဂို ကတော့ အဓိက အကြောင်းအရင်းကို အတည်ပြုဖို့ စောလွန်းသေးပေမဲ့ အချုပ်ခန်းထဲမှာ လူကျပ်ပြီး လေပြတ်တာ ဒါမှမဟုတ် သတ္တုတူးရာမှာ သုံးတဲ့ ခဲဆိပ်နဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခဲ့ရတာတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ဒီသေဆုံးမှုတွေကြောင့် စက်တင်ဘာ ၁၈ ရက်မှာ လူပေါင်း ရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြ ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ကျောင်းတွေ၊ ဈေးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် အများပိုင်နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြသလို တရားမျှတမှုအတွက် တောင်းဆိုနေကြချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ကျည်ဆန်အစစ်တွေ သုံးပြီး ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူတယောက် သေဆုံးခဲ့ပါတယ်။
ဒီမငြိမ်မသက်မှုတွေကြောင့် အာဏာပိုင်တွေက မင်နာမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန် ခဲ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သမ္မတ ဘိုလာ အာမက်ဒ် တီနူးဘူး နဲ့ ပြည်ထဲရေးဝန်ကြီး အိုလူဘွန်မီ တွန်းဂျီ-အိုဂျိုတို့က အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ကြပြီး နိုဂျာပြည်နယ်ရဲ့ NSCDC တပ်မှူးနဲ့ အဖွဲ့ကို ရာထူးကနေ ချက်ချင်း ဆိုင်းငံ့လိုက်ပါတယ်။
ပြည်နယ်အစိုးရအနေနဲ့လည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး အစိုးရအခွန်ဘဏ္ဍာကို ထိခိုက်စေတဲ့ တိုင်းပြည်အနှံ့က တရားမဝင် သတ္တုတူးဖော်မှုတွေကို တားဆီးဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေတာ ဖြစ်ပါတယ်။
Photo: Reuters











