
ကမ္ဘာ့ရာသီဥတုဟာ မှတ်တမ်းတင်သမိုင်းတလျှောက် အဆိုးရွားဆုံး အချိုးမညီမှုနဲ့ ကြုံတွေ့နေရပါတယ်။
“ကမ္ဘာကြီးဟာ သူ့ခံနိုင်ရည်စွမ်းထက် ကျော်လွန်ပြီး ဖိအားပေးခံနေရတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။
ကာဘွန်ဒိုင်အောက်ဆိုက်လို ပူနွေးစေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးဟာ ပိုများတဲ့ အပူစွမ်းအင်တွေကို လက်ခံရရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က ဆိုပါတယ်။
ဒီလို စံချိန်တင် စွမ်းအင်မညီမျှမှုကြောင့် မနှစ်က သမုဒ္ဒရာတွေ စံချိန်တင် ပူနွေးခဲ့သလို ရေခဲပြင်တွေလည်း ဆက်လက် အရည်ပျော်နေခဲ့ပါတယ်။
ပိုလျှံနေတဲ့ အပူစွမ်းအင် ၉၀ ရာခိုင်နှုန်းကျော်ကို သမုဒ္ဒရာတွေက စုပ်ယူထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၁ နှစ်တာ ကာလဟာ သမိုင်းတလျှောက် အပူပြင်းဆုံးနှစ်တွေ ဖြစ်ခဲ့ပါတယ်။
အယ်လ်နီညို သဘာဝဖြစ်စဉ်ဟာလည်း ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါကြောင့် နောက်ထပ် ပူပြင်းမှုစံချိန်သစ်တွေ ထပ်တင်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ဒီလို အပူချိန် မြင့်တက်လာတာကြောင့် ရာသီဥတုဆိုးရွားမှုတွေ ပိုဖြစ်လာနိုင်သလို သွေးလွန်တုပ်ကွေးလို ရောဂါတွေလည်း ပိုမိုပြန့်ပွားလာနိုင်ပါတယ်။
နိုင်ငံတွေအနေနဲ့ “ရာသီဥတုလုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး” အတွက် ရုပ်ကြွင်းလောင်စာကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဘက်ကို ကူးပြောင်းကြဖို့ ဂူတာရက်စ်က ထပ်မံနှိုးဆော်လိုက်ပါတယ်။
Source: Reuters










