
မြန်မာနိုင်ငံ မြို့ ၅ မြို့မှာ နိုဝင်ဘာ ၂ ရက် မနေ့က အပူချိန် စံချိန်သစ်တွေ တင်ခဲ့ကြပြီး ကျောက်ဆည်နဲ့ ကလေးဝမြို့တို့မှာတော့ တနေ့ကစံချိန်ကို ပြန်ချိုးလိုက်တာလို့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျောက်ဆည်၊ ဖျာပုံ၊ ကလေးဝ၊ သီပေါနဲ့ လားရှိုးမြို့တို့မှာ နိုဝင်ဘာ ၂ ရက်က နိုဝင်ဘာလရဲ့ အမြင့်ဆုံး အပူချိန်စံချိန်သစ် တင်ခဲ့ကြတာပါ။
ကျောက်ဆည်မြို့မှာ ၃၇ ဒီဂရီဆဲလ်စီးယပ်နဲ့ စံချိန်သစ်တင်ပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က စံချိန်ဖြစ်တဲ့ ၃၆ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်ကို ချိုးလိုက်ပါတယ်။
ကလေးဝမြို့မှာတော့ ၃၅ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်နဲ့ စံချိန်သစ်တင်ပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က စံချိန်ဖြစ်တဲ့ ၃၅ ဒီဂရီဆဲလ်စီးယပ်ကို ချိုးလိုက်တာပါ။
ဖျာပုံမြို့မှာ ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က စံချိန်ကို၊ သီပေါမြို့မှာ ၃၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က စံချိန်ကို၊ လားရှိုးမြို့မှာ ၃၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်နဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က စံချိန်ကို အသီးသီး ချိုးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း ကျောက်ဆည်နဲ့ ကလေးဝ အပါအဝင် ထားဝယ်၊ မုဒုံ၊ ကန့်ဘလူနဲ့ ခန္တီးမြို့တို့မှာ အပူချိန်စံချိန်သစ် တင်ခဲ့ကြသေးပြီး မုဒုံမြို့ဟာလည်း အောက်တိုဘာ ၃၁ ရက်က စံချိန်ကို ထပ်ချိုးတာဖြစ်ပါတယ်။











