
အယ်လ်နီညို ဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေ ရှိနေချိန်မှာ စာသင်ကျောင်းတွေမှာ ကလေးတွေကို ဘောလုံးကန်ခိုင်းနေတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
စာသင်ကျောင်းတွေအတွင်း မဖြစ်မနေ ဘောလုံးပွဲ ပြုလုပ်ပြီး ကလေးတွေကို နေပူထဲမှာ ဘောလုံးကန်ခိုင်းနေတာကြောင့် နေထိုင်မကောင်းဖြစ်မှာကို စိုးရိမ်မိတယ်လို့ မင်္ဂလာဒုံမြို့နယ်မှ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
“ကျောင်းသားတွေကို ငှက်ပျောပင် စိုက်ခိုင်းတာတမျိုး၊ အခုလည်း ဘယ်သူက အမိန့်ထုတ်လိုက်လဲ မသိပါဘူး၊ ညနေ ၃ နာရီခွဲလောက်ဆိုရင် ဘောလုံးကန်ခိုင်းပါတယ်။ ကလေးတွေ နေထိုင်မကောင်း ဖြစ်လာရင် ဘယ်သူ တာဝန်ယူပေးမှာလဲ” လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့သစ်က စာသင်ကျောင်းတွေမှာ နေ့ခင်းပိုင်း ဘောလုံးကန်ခိုင်းတဲ့ အပြင် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပါ ခေါ်ယူပြီး ဘောလုံးကန်ခိုင်းနေတယ်လို့ မိဘတွေဆီက သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှ ကျောင်းသားမိဘတယောက်က “မြောက်ဥက္ကလာမှာဆိုရင် နေ့စဉ် ဘောလုံးကန်ခိုင်းတဲ့အပြင် ပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေပါ ကျောင်းကိုခေါ်ပြီး ဘောလုံးကန်ခိုင်းတာ ဖြစ်ပါတယ်။ အခုလို နေပူချိန်မျိုးကို လူကြီးတွေတောင် မခံနိုင်ပါဘူး၊ ကလေးတွေဆိုရင် ပိုဆိုးပါတယ်။ အိမ်က သားဆိုရင် ဘောလုံးကန်ပြီး ပြန်လာတာ အပူရှပ်ပြီး ဖျားတာကြောင့် ၄ ရက်လောက် ဆေးကုသလိုက်ရပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စာသင်ကျောင်းတွေအတွင်း ဘောလုံးပြိုင်ပွဲတွေ ကျင်းပဖို့ ပြောဆိုခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းတွေကို ညွှန်ကြားခဲ့တာလို့ ပညာရေးဝန်ထမ်း တယောက်က DVB ကို ပြောပါတယ်။
“ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲမှာ စစ်ကောင်စီ ခေါင်းဆောင် ပြောခဲ့တဲ့ မိန့်ခွန်းကို ပညာရေးဝန်ကြီးက အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ကျောင်းတွေမှာ ကလေးတွေ ဘောလုံးကန်နေတာကို ဓာတ်ပုံရိုက်ပြီး မြို့နယ်ပညာရေးရုံးနဲ့ အခြေခံပညာရေးဦးစီးဌာနကို ကျောင်းအုပ်ကြီးတွေက ပေးပို့ တင်ပြရတာ ဖြစ်ပါတယ်။”
လက်ရှိ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရန်ကုန်၊ ပဲခူးနဲ့ မွန်ပြည်နယ်တို့မှာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးထားပြီး၊ အခုလို အပူရှိန် အလွန်မြင့်မားနေချိန်မှာ ကလေးတွေကို နေပူထဲ ဘောလုံးကန်ခိုင်းနေတာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ကျန်းမာရေးအတွက် ပိုမိုစိုးရိမ်နေကြတာ ဖြစ်ပါတယ်။











