
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်တပ် ခမရ ၅၅၈ တပ်ရင်းက တပ်သားသစ် ၆ ယောက် PDF တပ်ရင်းဆီ မေ ၂၃ ရက် မနက် ၁၀ နာရီလောက်မှာ လက်နက်မပါဘဲ ဘက်ပြောင်းခိုလှုံလာတယ်လို့ PDF မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဘက်ပြောင်းလာသူတွေက တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက်၊ စစ်ကောင်စီရဲ့ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းမှာ မွမ်းမံစစ်သင်တန်း တက်ရောက်နေပြီး မေ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ စတင်ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။
အဆိုပါ ၆ ယောက်စလုံးဟာ ပျဥ်းမနားမြို့နယ်ထဲက စစ်အာဏာရှင်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူတွေ ဖြစ်ကြပြီး စစ်တပ်လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် ထွက်ပြေးလာခဲ့ကြတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေရဲ့ ပြောပြချက်အရ ခမရ ၅၅၈ မှာ မွမ်းမံသင်တန်း တက်ရောက်နေသူ ၅၅ ယောက်ရှိပြီး အသက် ၁၆ နှစ်အရွယ် ကလေး ၆ ယောက်လည်း ပါတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ရင်းမှာ မွမ်းမံသင်တန်းဆင်းပြီးနောက် ရှေ့တန်းစစ်မျက်နှာကို ရောက်ရှိပါက မူးယစ်ဆေးဝါးတွေကို အထုပ်လိုက် ထုတ်ပေးမယ်လို့ သင်တန်းမှူးက စည်းရုံးပြောဆိုခဲ့ကြောင်း အလင်းဝင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မွမ်းမံသင်တန်းမှာ တက်ရောက်နေတဲ့ အသက် ၁၆ နှစ်အရွယ် ကလေးစစ်သား ၆ ယောက်နဲ့ ပတ်သက်ပြီး ထပ်မံသိရှိရဖို့ DVB အနေနဲ့ ကြိုးစားနေဆဲပါ။
လက်ရှိမှာတော့ အလင်းဝင်လာသူ ၆ ယောက်စလုံးကို PDF မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းမှာပဲ လုံခြုံစွာ စောင့်ရှောက်ပေးထားတယ်လို့ မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်ကလည်း တနင်္သာရီမြို့နယ်မှာ စစ်သား ၂ ယောက် လက်နက်နဲ့ PDF တပ်ရင်းတွေဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။










