
ရန်ကုန်၊ လှိုင်သာယာရဲ့ ဈေးတန်းတခုမှာ မမိုး(အမည်လွှဲ)တယောက် ဟင်းချက်စရာ ပတ်ရှာနေတာပါ။ အိမ်မှာက အမေရယ်၊ သူ့အမျိုးသားရယ်၊ သူရယ် ဆိုတော့ မိသားစု သုံးယောက်။ ဒီနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ သုံးယောက်စာ ထမင်းဝိုင်း ပြည့်စုံဖို့ဆိုတာ မလွယ်တော့ပါဘူး။
“အရင်တုန်းက ဆိုရင်တော့” လို့ ပြောရင်း မမိုးက သက်ပြင်းချလိုက်ပါတယ်။
ဟိုးအရင်ကဆိုရင်တော့ ဈေးထဲမှာ ငါးဖြစ်ဖြစ်၊ ဝက်သား၊ ကြက်သားပဲဖြစ်ဖြစ် ရောင်းမကုန်လို့ ကျန်ရင်၊ ဒါမှမဟုတ် တပတ်လောက် ကြာသွားလို့ မလတ်ဆတ်တော့ဘူးဆိုရင် ရောင်းတဲ့သူတွေက ပစ်လိုက်ကြတာပါ။
ဝယ်စားတဲ့သူတွေကလည်း မလတ်ဆတ်တဲ့ အသားဆို ဝယ်မစားကြပါဘူး။ မရောင်းရတဲ့ အသားတွေကို ဈေးသည်တွေက အိမ်မှာ ကြော်စားရင်စား၊ မစားရင် လွှင့်ပစ်၊ ဒါမှမဟုတ် ခွေးကျွေး၊ တိရစ္ဆာန်အစာအဖြစ်ပဲ သုံးခဲ့ကြတာပါ။
ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီလို အမှိုက်ပုံးထဲ ရောက်သွားလေ့ရှိတဲ့ အသားတွေနဲ့ လူတွေရဲ့ စားသောက်မှုပုံစံပါ ပြောင်းလဲသွားခဲ့ပါပြီ။
အရင်က မလတ်ဆတ်လို့ ဆိုပြီး ပစ်လိုက်တဲ့ အသားတွေဟာ အခုချိန်မှာတော့ ခဲနေအောင် ရေခဲရိုက်၊ အထပ်ထပ် ပြန်ပြုပြင်ပြီး ဈေးပေါပေါနဲ့ ပြန်ရောင်းတဲ့ ဈေးကွက်တခု ဖြစ်လာခဲ့ပါတယ်။ ဝယ်သူတွေဘက်ကလည်း လတ်ဆတ်တာ၊ မလတ်ဆတ်တာထက် မိသားစု ဝမ်းဝဖို့နဲ့ ဘတ်ဂျက်နဲ့ ကိုက်ညီဖို့က ပထမဦးစားပေး ဖြစ်လာခဲ့တာပါ။
“အဆင်ပြေအောင်တော့ ရုန်းကန်ရတာပေါ့။ အရင်လို စိတ်ကြိုက် ရွေးဝယ်စားဖို့ဆိုတာ ခက်သွားပြီလေ” လို့ မမိုးက သက်ပြင်းသံသဲ့သဲ့နဲ့ ဆိုပါတယ်။
ကုန်ဈေးနှုန်းတွေ ထိန်းမနိုင်သိမ်းမရ တက်လာတဲ့ ဒီနေ့ခေတ်မှာတော့ အရင်က အမှိုက်ပုံးထဲ ရောက်ခဲ့တဲ့ အသားတွေဟာ ရန်ကုန်က အခြေခံလူတန်းစား မိသားစုတွေရဲ့ ထမင်းဝိုင်းဆီကို နည်းလမ်းမျိုးစုံနဲ့ လမ်းကြောင်းပြောင်း ရောက်ရှိလာခဲ့ရပါတော့တယ်။
အဲဒီလို ရောင်းမကုန်ဘဲ ကျန်နေတဲ့ အသားတွေ၊ အချိန်ကြာလို့ လတ်ဆတ်မှု မရှိတော့တဲ့ အသားတွေဟာ အရင်လို အမှိုက်ပုံးထဲ မရောက်တော့ဘဲ သီးသန့်ဈေးကွက်တခုဆီ လမ်းကြောင်းပြောင်းသွားကြတာပါ။
ဈေးသည်တွေဘက်ကလည်း လွှင့်ပစ်လိုက်ရမဲ့အစား ၁၀,၀၀၀ တန် အသားကို ၈,၀၀၀ လောက်နဲ့ ပြန်ရောင်းလိုက်ရရင် နည်းနည်းဖြစ်ဖြစ် ပိုက်ဆံပြန်ရတာမို့လို့ ပြန်ရောင်းကြသလို တချို့ကျတော့လည်း အလကားနီးပါး ပေးလိုက်ကြတာတွေ ရှိပါတယ်။
ဒါပေမဲ့ ဒီလို အသားမျိုးတွေကို စည်ပင်ဈေးကြီးတွေမှာတော့ သွားရှာလို့ မရပါဘူး။ ရောင်းတဲ့သူတွေကလည်း ဈေးကြီးတွေမှာ မရောင်းကြသလို ဈေးကြီးမှာ လာဝယ်တဲ့သူတွေကလည်း ဒီလို အသားမျိုးဆို ဝယ်မစားကြပါဘူး။
ဒါဆို ဒီအသားတွေ ဘယ်ရောက်သွားသလဲဆိုရင် လှိုင်သာယာလို မြို့နယ်မျိုးမှာရှိတဲ့ ရပ်ကွက်ထဲက လမ်းကြားဈေးသေးသေးလေးတွေနဲ့ လမ်းဘေးဈေးသည်တွေဆီ ရောက်သွားကြတာပါ။
ညနေစောင်း စက်ရုံကပြန်လာတဲ့ အလုပ်သမားတွေ ဖယ်ရီပေါ်က ဆင်းချိန်၊ ရပ်ကွက်ထဲက ဈေးလေးတွေမှာ ဒီအသားတွေဟာ ရေပန်းအစားဆုံး ဖြစ်လာပါတယ်။
ဒီဈေးကွက်ထဲမှာ အသားကို အလေးချိန်နဲ့ မရောင်းပါဘူး။ “တပုံ ဘယ်လောက်” ဆိုပြီး ပုံရောင်းကြတာပါ။ ကြည့်လိုက်ရင် ၁၀ သားလည်း ဖြစ်ချင်ဖြစ်မယ်၊ ၁၅ ကျပ်သားလည်း ပါချင်ပါမယ်။ ပုံမှန် ၅ ကျပ်သား၊ ၁၀ ကျပ်သားကို ၃,၀၀၀ လောက် ပေးရမဲ့အစား ပုံပြီး စျေးလျှော့ရောင်းတော့ ဝင်ငွေနည်း အခြေခံလူတန်းစားတွေအတွက်တော့ ကြည့်ရတာ အတန်ကြီး ဖြစ်နေတာပေါ့။
တချို့ ငါးသည်တွေကျတော့လည်း ရောင်းမကုန်တဲ့ ငါးတွေကို မပုပ်အောင်၊ ကြည့်လိုက်ရင် လတ်ဆတ်နေပုံ ပေါ်အောင်ဆိုပြီး ဆားတွေနဲ့ မာတောင့်နေအောင် လုပ်ထားကြတာမျိုးလည်း ရှိပါတယ်။
“ငါးကို ကြည့်လိုက်ရင်တော့ လတ်နေတာပဲ။ ဒါပေမဲ့ ချက်စားလိုက်ရင် တော်တော်လေး ငန်တာ။ သွေးတိုးရှိတဲ့သူများ စားလိုက်ရင် တခါတည်း သွေးတိုးဆောင့်တက်သွားနိုင်တယ်” လို့ မမိုးက ညည်းတွားရင်း ဆိုပါတယ်။
ဒါဟာ ဒီနေ့ခေတ် ကုန်ဈေးနှုန်းဒဏ်ကြားမှာ အောက်ခြေလူတန်းစားတွေ ကြုံတွေ့နေရတဲ့ ဝမ်းရေးအတွက် ရုန်းကန်နေရတာနဲ့ အသက်ဆက်ဖို့အတွက် မဖြစ်မနေ ရွေးချယ်နေရတဲ့ အမှန်တရားတခု ဖြစ်နေပါတော့တယ်။
အသားဟင်း ရွေးချယ်မှု ပြောင်းလဲသွားတာ တခုတည်းတင် မဟုတ်ပါဘူး။ အရင်ကဆိုရင် တပတ်တခါ သီရိမင်္ဂလာဈေးလို ဈေးကြီးတွေကို သွားပြီး တပတ်စာ အသားငါး၊ ဟင်းသီးဟင်းရွက်တွေ စုပြုံဝယ်ယူလေ့ ရှိကြတာပါ။
အခုတော့ နီးစပ်ရာမှာပဲ အလွယ် သွားဝယ်ကြပါတော့တယ်။ လှိုင်သာယာလို မြို့နယ်မျိုးမှာ ဆိုင်ကယ်စီးလို့ မရတော့တာရော အဝေးကြီးသွားရရင် သယ်ယူစရိတ် ကြီးတာရောကြောင့်ပါ။ အရင်က တက္ကစီကားငှားရင် သုံးလေးထောင်နဲ့ စုငှားလို့ ရခဲ့ပေမဲ့ အခုတော့ ကားခတင် ၃၀,၀၀၀ မက ဖြစ်နေတာမို့ ဘယ်သူမှ ခရီးဝေး မသွားနိုင်ကြတော့ပါဘူးလို့ ဆိုပါတယ်။
“အခုချိန်မှာ လူတွေက အာဟာရ ပြည့်ဝဖို့ဆိုတာထက် ရှိတဲ့ ပိုက်ဆံလေးနဲ့ အိမ်စရိတ် လောက်ငဖို့ကိုပဲ ဦးစားပေး တွေးကြရတော့တာ” လို့ မမိုးက ညည်းတွားပါတယ်။
ကုန်ဈေးနှုန်းက အထိန်းအကွပ်မရှိ တက်နေသလောက် ပိုက်ဆံက ရှားပါးလာတဲ့အခါ အစားအသောက်ရဲ့ အရည်အသွေးထက် ဗိုက်ဝဖို့ကပဲ အရေးကြီးဆုံး ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။
ဆန်ကြမ်းတပြည်ကိုတောင် ကျပ်ငွေ ၆,၀၀၀ ရှိမှ စားလို့ရပြီး ၄,၀၀၀ တန် ဆန်တွေက မစားနိုင်တော့သလို ဟင်းချက်ဆီ တပိဿာကိုလည်း ၁၈,၀၀၀ အထိ စံချိန်တင် ပေးစားနေရတဲ့ခေတ် ဖြစ်နေတယ်လို့ ပြောပါတယ်။
လမ်းမတော်မြို့နယ်က အိမ်ရှင်မတဦးက “ရန်ကုန်မှာ အသားဈေးတွေက ကြက်သားဆို တပိဿာ ၃၀,၀၀၀၊ ဝက်သား တပိဿာကို ကျပ် ၃၅,၀၀၀ နဲ့ အမဲသားဆိုရင် ကျပ် ၄၀,၀၀၀ အထိ ဈေးရှိနေတာပါ။ အသားဟင်းကို နေ့တိုင်းလည်း မစားနိုင်ကြတော့ဘူး" လို့ ပြောပါတယ်။
မမိုးတို့အိမ်မှာ မိသားစု ၃ ဦး ရှိတာတောင်မှ တလကို စားစရိတ်တင် ငါးသိန်း၊ ခြောက်သိန်းမက ကုန်နေတာပါ။ သာမန် ဟင်းတနပ် စားရဖို့အတွက်ကိုတောင် တရက်ကို အနည်းဆုံး ၆,၀၀၀၊ ၇,၀၀၀ လောက် သုံးနေရပြီး ကျပ် ၈,၀၀၀၊ ၉,၀၀၀ မက သုံးနိုင်မှသာ ဟင်းနည်းနည်း ရွေးစားနိုင်တဲ့ အနေအထားပါ။ မနက်စာနဲ့ အပြင်သွားတာပါ ပေါင်းလိုက်ရင် တရက်ကို အသုံးစရိတ် ၂၀,၀၀၀ ဆိုတာ အပေါ်ယံ ပမာဏလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
မမိုးက “မိသားစု ၃ ယောက်ဆိုရင် တရက်ကို အနည်းဆုံး ဝင်ငွေ ၂၅,၀၀၀ ၊ ၃၀,၀၀၀ လောက် ရှိမှ တန်ရုံကျပါတယ်။ ဒါတောင်မှ အဝတ်အစား၊ အထွေထွေစရိတ်တွေ မပါသေးဘူး၊ စားဖို့ တခုတည်းအတွက်ပဲ ရှိသေးတာ” လို့ သူ့မိသားစုရဲ့ အခြေအနေကို ပြောပြပါတယ်။
မိသားစု များလေလေ၊ ကုန်ကျစရိတ်က ပိုကြီးလေလေ ဖြစ်သလို အိမ်ငှားနေထိုင်ရတဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက် ဆိုရင်တော့ ဒီထက်ပိုပြီး မတွေးဝံ့စရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီလို စီးပွားရေး အကျပ်အတည်းနဲ့ ကုန်ဈေးနှုန်းဒဏ်ကြောင့်ပဲ လှိုင်သာယာက အခြေခံလူတန်းစား မိသားစုတွေဟာ လတ်ဆတ်တဲ့ အစားအစာတွေကို လက်လွှတ်ရပြီး ဈေးပေါပေါနဲ့ ရနိုင်မဲ့ အသားဟင်း ပုံစံမျိုးစုံကိုပဲ နေ့စဉ် ဝမ်းရေးအတွက် ရွေးချယ် စားသောက်နေကြရတဲ့အကြောင်း မမိုးက ရင်ဖွင့်ပါတယ်။
လှိုင်သာယာက မမိုးတို့ မိသားစုလိုပဲ နယ်မြို့တွေနဲ့ မြို့ပြအစွန်အဖျားက အခြေခံလူတန်းစားတွေဟာလည်း တနေ့တခြား မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ခါးစည်းခံနေကြရပါတယ်။ အာဟာရ ပြည့်ဝဖို့ထက် ဝမ်းဝဖို့ကိုပဲ ဦးစားပေးနေရတဲ့ အခြေအနေက မမိုးတို့တင် မကပါဘူး။
တောင်ဒဂုံမြို့နယ်က ဒေသခံ အမျိုးသားတယောက်ကလည်း အခြေခံ စားသောက်ကုန်တွေရဲ့ ခေါင်ခိုက်နေတဲ့ ဈေးနှုန်းတွေကြောင့် အသား၊ ငါး ဝယ်စားဖို့ မပြောနဲ့ အခြေခံ ကန်စွန်းရွက်နဲ့ ဆန်၊ ဆီ ဝယ်ဖို့တောင် အတော်လေး ရုန်းကန်နေရတဲ့အကြောင်း အခုလို ဆိုပါတယ်။
“အပြင်ဈေးမှာတင် ကြက်ဥတလုံးကို ၆၅၀ ကျပ်၊ ကန်စွန်းရွက်တစီးတောင် ၁,၀၀၀ ကျပ်အထိ ပေးနေရတာပါ။ ရှမ်းခေါက်ဆွဲ တပွဲဆို ၅,၀၀၀ ကျပ်အထိ ဈေးတွေတက်နေပြီ။ ဟင်းချက်ဆီ တဘူး ၇,၀၀၀၊ ၈,၀၀၀ ကျပ် ပေးရသလို ဆန်တပြည်ကိုလည်း ၇,၀၀၀၊ ၈,၀၀၀ ကျပ်အထိ ဈေးပေးနေရတယ်။ ဝက်သားနဲ့ အမဲသား ဆိုရင်လည်း ဈေးတွေခေါင်ခိုက်နေလို့ ဘယ်လိုမှ မစားနိုင်ကြတော့ပါဘူး။”
အလားတူပဲ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် ကလည်း သူ့ရဲ့ လက်ရှိ အစားအသောက် ဝယ်ယူရရှိမှု အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။
“လက်ရှိမှာ ကြက်ဥဈေးက တလုံးကို ၆၃၀ ကျပ်ကနေ ၆၇၀ ကျပ်အထိ ရှိနေပါတယ်။ အရင်ကဆိုရင် မိခင်နဲ့ ကလေး ကျန်းမာရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှာ ဆေးခန်းပြရင် ကြက်ဥပေးတာမျိုးတွေ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဘာမှ မပေးတော့ပါဘူး။ အခု ရတယ်လို့လည်း မကြားမိတော့ပါဘူး။ ဘဲဥဈေး ဆိုရင်လည်း ကြက်ဥထက် ပိုမြင့်နေသေးတယ်။ မိခင်လောင်းဆိုတော့ ကိုယ်ဝန်အတွက် ကြက်ဥကိုတော့ တလုံး ၆၅၀ ကျပ်တန် ဝယ်စားဖြစ်တာပေါ့။ ကျမကတော့ ကြက်ဥကို နေ့တိုင်းလိုလို စားနေတာပါ။ ဝယ်ရင်လည်း တခါဝယ် ၁၀ လုံးစီ ဝယ်ဖြစ်ပါတယ်။”
ဒီလို အခြေခံလူတန်းစားတွေ အာဟာရပြည့်ဝဖို့ထက် ဗိုက်ဝဖို့ကိုပဲ ဦးစားပေးနေရတဲ့ အခြေအနေဟာ ပြည်တွင်းက ဒေသခံတွေရဲ့ ပြောပြချက်များသာမကဘဲ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာလည်း ထင်ဟပ်နေပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလထုတ် အစီရင်ခံစာ ထုတ်ပြန်ချက်မှာ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး အခက်အခဲတွေကြောင့် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ စိစစ်ဝယ်ယူနိုင်စွမ်း လျော့ကျလာပြီး အထူးသဖြင့် မြို့ပြအစွန်အဖျားက အခြေခံလူတန်းစားတွေမှာ အခြေခံစားသောက်ကုန် ရရှိနိုင်ရေးအတွက် စိန်ခေါ်မှု ကြီးမားနေတယ်လို့ ထောက်ပြထားပါတယ်။
အလားတူ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ၂၀၂၄ ခုနှစ် မတ်လက ထုတ်ပြန်ချက်အရလည်း စီးပွားရေးအကျပ်အတည်းနဲ့ ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံက အိမ်ထောင်စု အများအပြားမှာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး အာဟာရပြည့်ဝတဲ့ အသား၊ ငါးတွေထက် ဈေးလျှော့ထားတဲ့ အစားအစာတွေကိုသာ ဝယ်ယူ စားသုံးနေရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထုတ် အစီရင်ခံစာမှာတော့ နယ်ဘက်နဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာခြင်းနဲ့အတူ မိခင်နဲ့ ကလေးငယ်တွေအတွက် အာဟာရ ထောက်ပံ့တဲ့စနစ်တွေ လျော့ကျသွားတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြထားတာကို တွေ့ရပါတယ်။
ရန်ကုန်ရဲ့ မြို့ပြအစွန်အဖျားက လှိုင်သာယာ၊ တောင်ဒဂုံ အပါအဝင် မြို့နယ်အများစုက အခြေခံလူတန်းစားတွေရဲ့ ထမင်းဝိုင်းဟာ အာဟာရပြည့်စုံရေးထက် ဗိုက်ဝရုံသက်သက် ရုန်းကန်ရတဲ့ အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။
အရင်က အမှိုက်ပုံးထဲ ရောက်သွားလေ့ရှိတဲ့ မလတ်ဆတ်တဲ့ အသားတွေဟာ အခုတော့ မိသားစုရဲ့ နေ့စဉ်အသက်ဆက်စရာ ရွေးချယ်မှုတခု ဖြစ်လာခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ တဦးတယောက်တည်းရဲ့ အခက်အခဲ မဟုတ်ဘဲ တနိုင်ငံလုံးက အောက်ခြေလူတန်းစားတွေ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတော့တယ်။ ။
မအိ(NWN)











