
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ငွေထုတ်ခတွေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲဖြစ်နေကြတယ် ရခိုင်ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ငွေထုတ်ခအဖြစ် တသိန်းကို ကျပ် ၆၀၀၀ ကနေ ကျပ် ၉၀၀၀ အထိ မြို့ပေါ်နဲ့ကျေးရွာ ဒေသအလိုက် ပေးနေကြရတာဖြစ်ပြီး အများအပြားပေးပြီး ထုတ်နေကြရတဲ့အတွက် အခြေခံလူတန်းစားတွေဟာ ကြီးမားတဲ့ ရိုက်ခတ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြောက်ဦးမြို့ခံ ကိုစိုးကျော်က ပြောပါတယ်။
“ငွေထုတ်ခက ဈေးတွေက လုံးဝကို မကျဘူးဗျာ။ ငွေတသိန်းကိုထုတ်ခက မြို့ပေါ်မှာဆို ၆၀၀၀ ပေးရပြီး နယ်တွေ၊ ဝေးလံခေါင်ဖျားတဲ့ဒေသတွေဆို ၉၀၀၀ လောက်အထိ ပေးနေကြရတာရှိတယ်။ အဲဒီလို ငွေထုတ်ခတွေ ဈေးကြီးနေတော့ မရှိဆင်းရဲသားတွေမှာ သား၊ သမီးတွေ နိုင်ငံခြားက အလုပ်လုပ်လို့ ထည့်လိုက်ရင် ထုတ်ခအဖြတ်ခံကြရတာက မနည်းဘူး။ ငွေ ၁၀ သိန်းလွဲရင် အနည်းဆုံး ၆ သောင်းကနေ ၉ သောင်းအထိ အဖြတ်ခံလိုက်ရတော့ ဘယ်လိုမှ အဆင်မပြေဘူး။ မရှိဆင်းရဲသားတွေဆို အတော်လေးကို ခံရခက်တယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းက ဘဏ်စနစ်တွေ လုံးဝရပ်တန့်နေတာကြောင့် ငွေလွှဲငွေထုတ်တာတွေကို အေးဂျင့်တွေဆီကတဆင့် ရာခိုင်နှုန်းပေးပြီး ထုတ်ယူနေကြရတာ ဖြစ်ပါတယ်။
အေးဂျင့်ဆိုင်တွေဟာလည်း ငွေသားတွေကို ကုန်သည်တွေဆီက ရာခိုင်နှုန်းပေးပြီး ဝယ်ယူကြရသလို ရန်ကုန်ဘက်ကနေ နည်းအမျိုးမျိုးနဲ့ သယ်ကြရတာလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ နယ်စပ်ကုန်သည်တွေဟာ ရာသီဥတုဆိုးရွာတာ၊ ပြည်သူ့စစ်မှုထမ်း(NDEP)ကြောင့် လူငယ်ကုန်သည်တွေ မသွားကြတာနဲ့ စတားလင့် ပိတ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အရင်တွေလောက် ငွေသားလည်ပတ်မှု မရှိတော့ဘဲ ငွေထုတ်ခ မြင့်တက်နေတာဖြစ်တယ်လို့ အေးဂျင့်တွေက ပြောပါတယ်။
မြောက်ဦးမြို့က အေးဂျင့်တယောက်က “ကုန်သည်တွေက အရင်ကလောက် အိန္ဒိယဘက်ကို တက်တာ မရှိဘူးဗျာ။ လူငယ်တွေလည်း NDEP တွေကြောင့် မသွားကြတာများတယ်။ ကျနော်တို့ အေးဂျင့်တွေမှာလည်း ကုန်သည်တွေ ပုံမှန်လည်ပတ်နေမှ သူတို့လွှဲတဲ့ငွေသားတွေနဲ့ ဒီဘက်မှာ ပြန်ထုတ်ပေးရတာ။ အခုက အလွှဲသားနည်းတော့ အေးဂျင့်တွေမှာလည်း ငွေသားနည်းပြီး ငွေထုတ်ခတွေက ဈေးတက်နေတာ” လို့ပါတယ်။
ရခိုင်ပြည်နယ်မှာ ငွေထုတ်ခတွေဟာ ဇူလိုင်လအစောပိုင်းကတည်းက တသိန်းကို ကျပ် ၅၀၀၀ ကနေ ကျပ် ၇၀၀၀ ကျပ်အထိ ပေးနေကြရတာဖြစ်ပြီး အခုဩဂုတ်လအစောပိုင်းမှာ တသိန်းကို ကျပ် ၆၀၀၀ ကနေ ကျပ် ၉၀၀၀ အထိ မြို့ပေါ်နဲ့ ကျေးလက်ဒေသအလိုက် ထုတ်ခပေးနေကြရတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်မှာ ဘဏ်စနစ်မရှိတော့လို့ ကုန်သည်တွေဟာ ငွေသားကို ရန်ကုန်ဘက်ကနေ နည်းအမျိုးမျိုးနဲ့သယ်ယူကြရပြီး အဲဒီကနေတဆင့် နယ်စပ်ကုန်သည်တွေ ကုန်သွယ်ကြမှ ငွေသားလည်ပတ်တာကြောင့် ငွေထုတ်ခ ဈေးနှုန်းတွေ အတက်အကျရှိတာဖြစ်ပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်ဘဏ်စနစ်နဲ့ လည်ပတ်ဖို့ ဝန်ထမ်းတွေ ခေါ်ယူနေပေမဲ့လည်း ဘယ်အချိန်မှာ စတင်မယ်ဆိုတာ မသိရသေးပါဘူး။










