DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ကုန်ဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေး ကျပ်တည်းမှု ဆိုးဝါးနေ
ကေခိုင်
·
September 18, 2026
စစ်တွေမြို့။ (Photo: DVB)
စစ်တွေမြို့။ (Photo: DVB)
Donate to DVB

စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တွေမြို့မှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဒေသခံတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ခံစားနေကြရပါတယ်။

ဝမ်းရေးအတွက် ပိန်းစွယ်ကိုသာ အဓိက မှီခိုစားသောက်နေရသလို အတိုးနှုန်းကြီးကြီးမားမား ပေးပြီး ချေးငှား စားသောက်နေကြရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်အာဏာရှင်တပ်ရဲ့ ‘ဖြတ်လေးဖြတ်’ ဗျူဟာကြောင့် အခြေခံစားသောက်ကုန် အဆမတန် မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်တွေဒေသခံတွေဟာ အငတ်ဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပါတယ်။

ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်တွေကြား စစ်တွေမြို့ခံတွေဟာ တနေ့တာ ဝမ်းရေးဖြေရှင်းနိုင်ဖို့အတွက် ပိန်းစွယ်တွေကိုသာ အဓိက ရှာဖွေစားသောက်နေကြရတဲ့ အခြေအနေထိ ရောက်ရှိနေတာပါ။

လက်ရှိမှာ အခြေခံလူတန်းစားတွေစားတဲ့ ဆန်ကြမ်းတအိတ်ကိုတောင် ၁၃၀,၀၀၀ ကျပ်အထိ ရှိနေပြီး စားအုန်းဆီ၊ ကြက်သွန်၊ အသား၊ ငါးတွေရဲ့ ဈေးနှုန်းတွေကလည်း သာမန်ပြည်သူတွေ ဝယ်ယူဖို့ မလွယ်ကူတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်တွေဒေသခံ ပင်စင်စားတယောက်က လက်ရှိသူကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြပါတယ်။

“အရင်လို ဝဝလင်လင်တော့ ဘယ်စားနိုင်ပါ့မလဲ။ ဦးတို့ ပင်စင်ရတဲ့လစာနဲ့ ဒီကုန်ကျစရိတ်နဲ့က ဘယ်လောက်ပါ့မလဲ။ တပတ်တောင် မစားရဘူးလေ။ မိသားစုတနပ်စာ စားရဖို့ကိုတောင် ချွေတာပြီး စားရတာ။ အဓိကက ဆန်နဲ့ ထင်းကို မပြတ်အောင်ဘဲ ဂရုစိုက်နေရတာပေါ့။ ကိုယ့်အိမ်နားလေးမှာ ပိန်းပင်ရှိရင် ပိန်းစွယ် ခူးစားတယ်၊ အိမ်နားက ဟင်းတွေရှာပြီး စားနေရတာပါပဲ။ ဒါမှမဟုတ်လည်း ကြက်ဥကိုပဲ ပြုတ်ကျော်စားရတဲ့နေ့က ပိုများတာပေါ့။ နေ့လယ် နေ့ခင်းကျရင် အိမ်နားမှာလည်း အဲလိုမျိုး ဟင်းရှာနေတဲ့ အမျိုးသမီးတွေ အများကြီးတွေ့ရတယ်။”

ရန်ကုန်ကနေလာတဲ့ ကုန်တင်သင်္ဘောတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့သာ သယ်ယူခွင့် ရှိတာကြောင့် စစ်တွေမြို့တွင်း ကုန်စည်စီးဆင်းမှုက ပုံမှန်မရှိပါဘူး။ ဒါကြောင့် စစ်တွေမြို့တွင်း ကုန်ဈေးနှုန်းတွေမှာ အဆမတန် မြင့်တက်နေတာပါ။

လက်ရှိ စစ်တွေမြို့မှာ ဆန်တအိတ်ကို ၁၃၀,၀၀၀ ကျပ် ကနေ ၂၇၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။

ဒါ့အပြင် စားအုန်းဆီ တလီတာဘူးတဘူး ၁၇,၀၀၀ ကျပ်၊ ကြက်ဥတလုံး ၁,၃၀၀ ကျပ်၊ ဝက်သားတပိဿာ ၆၀,၀၀၀ ကျပ်၊ အမဲသား တပိဿာ ၈၀,၀၀၀ ကျပ်နဲ့ ဟင်းချက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြက်သွန် အနီနဲ့ အဖြူ တပိဿာ ၁၂,၀၀၀ ကျပ်၊ ချင်း တပိဿာကို ၂၀,၀၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။

တဖက်မှာလည်း ထင်းတစည်းကို ၂,၀၀၀ ကျပ်၊ မီးသွေး တအိတ် ၄၀,၀၀၀ ကျပ် ဖြစ်နေတဲ့အတွက် မိသားစုတစုအတွက် တရက်တာ ထင်းဖိုးက အနည်းဆုံး ၁၀,၀၀၀ ကျပ်အထိ ကုန်ကျနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

မြို့ခံတွေတောင် ဒီလောက် ကျပ်တည်းနေတဲ့ အခြေအနေမှာ နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေက ပိုဆိုးပါတယ်။

အာဏာသိမ်းစစ်တပ်ဆီကနေ စစ်ဘေးရှောင်တယောက်ကို အရင်က ဆန် နို့ဆီဘူး ၆၀ ရရာကနေ လက်ရှိမှာတော့ လူကြီးတယောက်ကို ဆန်နို့ဆီဘူး ၄၄ ဘူးနဲ့ လူငယ်တယောက်ကို ဆန်နို့ဆီဘူး ၂၀ သာ ထောက်ပံ့တော့တာပါ။

ဒါ့အပြင် အရင်က တလကို ငွေ ၂၀,၀၀၀ ကျပ် ထောက်ပံ့မှုတွေကလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက ရပ်ဆိုင်းသွားခဲ့ပါပြီ။

ဒါကြောင့် စစ်ဘေးရှောင်တွေမှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အတိုးနှုန်းမြင့်မားစွာ ပေးပြီး ချေးငှား စားသောက်နေကြရသလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီမှုကိုလည်း စစ်အာဏာရှင်တပ်က တားဆီးထားတဲ့အတွက် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “သူများတွေဆီက အတိုးနဲ့ ချေးငှားပြီး စားသောက်နေကြရတာပါ။ တသိန်းကို အတိုးက ၂၀,၀၀၀ နှုန်း ပေးနေရပါတယ်။ အဲလို ချေးငှားပြီး မစားသောက်ရင် ငတ်သေရုံပဲ ရှိမှာပေါ့။ ငါးကတော့ မစားရတာ တော်တော်ကြာနေပါပြီ။ ငရုတ်သီးကြိတ်လေးနဲ့ စားတယ်၊ ဟင်းတွေရှာပြီး စားတယ်၊ အဲလိုပဲ တနေ့တာကို ဖြေရှင်းနေရတာပါ။ အရပ်ဖက်အဖွဲ့အစည်းတွေ လာပေးမယ်ဆိုရင်လည်း လာပေးလို့မှမရတာ။ တချို့အဖွဲ့အစည်းတွေဆိုရင် ကျမတို့ဆီကို ရောက်ပါတယ်။ ရောက်ပြီး ကျမတို့နဲ့ စကားပြောရုံရှိ‌သေး၊ စစ်တပ်ကားတွေက ရောက်လာတော့ သူတို့လည်း ရှောင်ပြေးရတာပါပဲ။ ရဲတွေကလည်း ကျမတို့ကို ပြောထားတာရှိပါတယ်။ ဘယ်အဖွဲ့အစည်းရောက်ရောက် သူတို့ကို သတင်းပေးရပါမယ် ဆိုပြီးတော့။ ကလေးတွေ အကုန်လုံးကိုလည်း ကျောင်းမထားနိုင်တော့ပါဘူး။ ဒီမှာက ကျမတို့ မိသားစုတစုပဲ ဒုက္ခ‌ရောက်နေတာ မဟုတ်ပါဘူး၊ စစ်ရှောင်စခန်းတိုင်းလိုလိုပါပဲ” လို့ ပြောပါတယ်။

စစ်တွေမြို့မှာ တနေ့တာ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် အိမ်ထောင်စုတစုဟာ အနည်းဆုံး သိန်းဂဏန်းအထိ ကုန်ကျမှုရှိနေပြီး စားဝတ်နေရေးအတွက် ပိန်းစွယ်၊ ဟင်းရွက် ရှာဖွေရင်း တနေ့တာကို ဖြတ်သန်းနေကြရပါတယ်။

စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် ဒေသခံပြည်သူတွေဟာ ပိုမိုကျပ်တည်းလာပြီး စစ်ရှောင်ကလေးငယ်တချို့ဟာလည်း ကျောင်းပညာရေးနဲ့ပါ အလှမ်းဝေးကွာလာကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013