DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကပစ ၁၆ အနီး တိုက်ပွဲပြင်းထန်၊ စစ်တွေမြို့ထဲ လက်နက်ကြီးကျပြီး ဆရာနှင့် ကျောင်သားအချို့ ဒဏ်ရာရ
DVB
·
September 9, 2026
Photo : AA
Photo : AA
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လက်နက်ကြီးကျည်ကျလို့ ကျောင်းဆရာနဲ့ ကျောင်းသားကျောင်းသူ တချို့ ဒဏ်ရာရပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ပန်းတောင်းရွာ၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ကပစ ၁၆ နားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့ထဲက အထက ၄ အပါအဝင် နေရာတချို့ကို စက်တင်ဘာ ၈ ရက် မနေ့မနက် ၁၁ နာရီမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ ကျောင်းဆရာနဲ့ ကျောင်းသူ၊ ကျောင်းသားတချို့ ဒဏ်ရာရသွားတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မှန်စတွေ သစ်သားစတွေ စင်ပြီး ဒဏ်ရာရသွားတာပါ။ ကျနော် သိရ‌သလောက် ကျောင်းဆရာ တယောက်ရယ် ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ရယ်လို့တော့ သိရတယ်။ ကျောင်းဆရာက လက်နက်ကျတဲ့အချိန်မှာ လဲကျသွားပြီး လက်မှာ မှန်ကွဲစတွေ ရှသွားတယ်။ ဒဏ်ရာအပြင်းစားတော့ မဟုတ်ဘူး။”

လက်နက်ကြီးကျည်တွေဟာ အ.ထ.က ၄ ကျောင်းခြံဝင်း၊ ဝန်ကြီးအိမ်ရာဘက်ဖြစ်တဲ့ အနောက်စံပြရပ်ကွက်၊ ကိုလှခိုင်ဆရာတော် ဘုန်းကြီးကျောင်းအနီး၊ ထွေအုပ်ရုံးအနောက်ဘက် ဝန်ထမ်းအိမ်ရာအနီးတို့မှာ ကျရောက်ခဲ့ပြီး ဘယ်အဖွဲ့က ပစ်တယ် ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပြီးနောက် မြို့ခံတချို့ ရန်ကုန်ဘက်ကို တိမ်းရှောင်သွားကြတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့ခံတယောက်က “လေယာဉ်လက်မှတ်တွေတောင် ဝယ်မရဘူး။ မထင်မှတ်ဘဲ လက်နက်ကျည် ကျလာတော့ လူတွေ စိုးရိမ်သွားကြတယ်။ စစ်တွေမြို့ကလူတွေ ပြေးစရာနေရာက ရန်ကုန်ပဲ ရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၈ ရက် မနက်မှာ လေလာတောင်ကတဆင့် တောင်ကုတ်မြို့နယ်၊ ညောင်ကျိုးကျေးရွာဘက်ကို စစ်သားအင်အား ၁၅၀ လောက်နဲ့ ထိုးစစ်ဆင်နေတာကြောင့် ညောင်ကျိုးပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“မနေ့ညက ထိုးစစ်ဆင်လာတယ်။ နှစ်ဖက်တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ စကစ ဘက်ကတော့ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာရှိတယ်။”

အခုလို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းကို စစ်တပ်အထိုင်စခန်းတခုဖြစ်တဲ့ ဆင်လံကျေးရွေစခန်းက ထောက်ပို့လုပ်နေပြီး လက်နက်ကြီး၊ ဒရုန်းပစ်ကူလည်း ပေးနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကပစ ၁၆ အနီး ပွိုင့် ၅၀၀ ကုန်းနဲ့ တမိုင်ဝန်းကျင်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ AA တို့ တိုက်ပွဲ ဖြစ်နေတယ်လို့ နောက်ထပ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“တိုက်ပွဲကတော့ နှစ်ဖက်လုံးက ပြင်းပြင်းချနေတယ်။ စကစဘက်လည်း ထိုးစစ်ဆိုတော့ လက်နက်ကြီးပစ်ကူ၊ ဒရုန်း၊ ပါရာမော်တာတို့‌ ပါလာတယ်။”

စစ်တပ်ရဲ့ ပွိုင့် ၅၀၀ ​ကုန်းအကျော်က AA သိမ်းပိုက်ထားတဲ့ ကာကင်းကုန်းတွေကို စက်တင်ဘာ ၇ ရက် ညနေပိုင်းကစပြီး ထိုးစစ်ဆင်ကာ တိုက်ခိုက်နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013