
မြဝတီမြို့တောင်ဘက် ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူ ၄,၀၀၀ ကျော်ဟာ မိုးကာလ အလှူရှင်မရှိတော့တဲ့အတွက် စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့နားက ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းမှာ လေးကေ့ကော် အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က လူကြီး ၃,၈၀၀ ကျော်နဲ့ ကလေး ၃၅၀ ကျော် ခိုလှုံနေပါတယ်။
လက်ရှိမှာ မိုးကာလ အလှူရှင်မရှိတော့တာကြောင့် စားသောက်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “အရင်တုန်းကတော့ ကျနော်တို့က ပုံမှန် တပတ် တကြိမ် သွားတယ်။ သောကြာနေ့ သွားတယ်။ အခုနောက်ပိုင်း အလှူရှင်မရှိတော့ ကျနော်တို့လည်း မသွားဖြစ်တော့ဘူး။ အလှူရှင် ပေါ်ရင်တော့ သွားလိုက်တယ်။ အလှူရှင်က မရှိသလောက်ကို ဖြစ်သွားပြီ။ မိုးတွင်းကတော့ ငါးရှာ ဖားရှာ လိုက်ရှာရတာပေါ့။ အလုပ်လည်း ထိုင်းဘက်ကို ကူးပြီးတော့ သူတို့ ပြောင်းချိုးတာတို့ ဘာတို့ ကြံခုတ်တာတို့ အဲဒီလိုမျိုး လိုက်လုပ်ရတာပေါ့။ ခိုးလုပ်ရတာ။ လက်မှတ်မှမရှိတော့ ခိုးလုပ်ရတာ။ အဲဒီလို ရတဲ့ ပိုက်ဆံနဲ့ပဲ သူတို့ရပ်တည်ပေါ့။ ရေရှည်ကတော့ အဆင်မပြေဘူး။ အဓိက ကတော့ ဝိုင်းပြီးတော့ မျှရမှာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် အလှူရှင်အခက်အခဲကြောင့် စစ်ရှောင်ပြည်သူတွေ အဆင်ပြေစေဖို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာတွေထဲကနေ ဝေမျှပြီး စားသောက်ရတာတွေ ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာလည်း ရရာအလုပ်နဲ့ စားသောက်ရေးကို ဖြေရှင်းနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “စစ်ရှောင်တွေက ပြေးရင်းလွှားရင်း လုပ်ရင်း စားရင်း ဒီလိုပဲ။ လူတိုင်းကတော့ အခက်အခဲကတော့ မိုးတွင်းပိုင်းက နေရေး ထိုင်ရေးနဲ့ ဖြစ်သလိုလေးပေါ့ တချို့ကျတော့။ ဒီလိုပဲ တနေ့စာ တနေ့စာ နေ့စားထွက်ပြီးတော့ လုပ်ပြီးတော့ စားကြတာပဲ။ ဒီထက်ဆိုးရင်တော့ ဘယ်လွယ်မလဲ။ အခုကတော့ သူများ ပြောင်းလုပ်တဲ့အချိန်ဆိုတော့ နေ့စားလေး စခေါ်တော့ သွားပြေးလုပ်တယ်။ နီးစပ်ရာပေါ့။ ဒီလိုပဲ ရှာဖွေစားသောက်ရတာပဲ။ လုပ်ငန်းလေးရှိတဲ့ ပြောင်းချိုးတဲ့ အချိန်ကလေး သောက်သောက်စားစားလေး ရှိကြတယ်။ ပြောင်းချိန်လေး ကုန်သွားတဲ့အခါ အခက်အခဲကတော့ ရှိတာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်ရင်းမြစ် တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။











