
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းမကြီးကို စက်တင်ဘာ ၆ ရက်ကတည်းက ပိတ်ထားရတယ်လို့ ခရီးသွားနေတဲ့ ကုန်သည်တွေဆီက သိရပါတယ်။
အဲဒီလမ်းကြောင်း ပိတ်ဆို့သွားတာကြောင့် ဒေသတွင်း ကုန်းလမ်းကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့် လုနီးပါး ဖြစ်သွားခဲ့ရပြီး ဒီလမ်းမတခုတည်းကိုပဲ အဓိက မှီခိုနေရတဲ့ ခရီးသွားပြည်သူတွေနဲ့ လက်လုပ်လက်စား စီးပွားရေးသမားတွေ အတော်လေး အခက်ကြုံနေရပါတယ်။
ဒေသခံ ခရီးသည်တယောက်က “စက်တင်ဘာ ၆ ရက်ကတည်းက လမ်းကို ပိတ်လိုက်တာပါ။ ကုန်ကားတွေရော ခရီးသည်တင်ကားတွေပါ အကုန်ရပ်ထားရတယ်။ တိုက်ပွဲအခြေအနေ နီးကပ်လာ လို့ လုံခြုံရေးအရ သွားလာလို့ မရတော့တာ” လို့ DVB ကို ပြောပါတယ်။
ဒီလမ်းကြောင်းဟာ ရခိုင်မြောက်ပိုင်းဘက်ကို စားနပ်ရိက္ခာနဲ့ ကုန်စည်တွေ စီးဆင်းရာ အဓိက လမ်းကြောင်းတခု ဖြစ်တဲ့အတွက် ကုန်စည်ပြတ်လပ်တာတွေနဲ့အတူ စက်သုံးဆီ အပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
စက်တင်ဘာလဆန်းကစပြီး စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တလျှောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန် နေသလို စစ်တွေမြို့ပေါ်အထိလည်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတာပါ။
စက်တင်ဘာ ၈ ရက်နေ့ကဆိုရင် စစ်တွေမြို့ပေါ်ရှိ အထက ၄ စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ကျောင်းဆရာတယောက်နဲ့ ကျောင်းသားသုံးယောက်၊ စုစုပေါင်း လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရှေးဟောင်း ဂူဝဘုရားနဲ့ စာသင်ကျောင်းတွေလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရပြီး လက်ရှိမှာတော့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းနယ်စပ်ရှိ ဒေသခံတချို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။











