
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်အာဏာရှင်အုပ်ချုပ်ရေးက စားသုံးဆီ အရောင်းဆိုင်တွေကို ခွဲတမ်းလျှော့ချပြီး ကန့်သတ်ရောင်းချခိုင်းတဲ့အပြင် အရောင်းအဝယ်ကိုပါ စောင့်ကြည့်နေတဲ့ အတွက် စားသုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ နိုင်ငံခြားငွေသုံးစွဲမှု ချွေတာရေးနဲ့ သွင်းကုန်ကန့်သတ်ရေး မူဝါဒအရ စက်သုံးဆီနဲ့ စားသုံးဆီ ပြည်ပက တင်သွင်းမှုကို လျှော့ချရမယ်လို့ ပြောခဲ့ပြီးနောက်ပိုင်းမှာ ရွှေဘိုမြို့က ဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။၊
ဒီနောက် ဆီမှောင်ခိုဈေးကွက်လည်း ကြီးထွားလာကာ လက်ရှိ ရွှေဘိုမြို့ရဲ့ စားသုံးဆီ ရည်ညွှန်းဈေးဟာ တပိဿာကို ကျပ် ၈,၅၀၀ ကျပ် ဖြစ်ပေမဲ့ ပြင်ပဈေးကွက်မှာတော့ တပိဿာကို ကျပ် ၂၀,၀၀၀ ကနေ ၂၂,၀၀၀ ကြားအထိ ပေါက်ဈေးရှိနေပါတယ်။
ဆိုင်တွေမှာ ဆီရှိပေမဲ့ လိုသလောက် မရောင်းရဲတဲ့ အခြေအနေတွေနဲ့ ကြုံနေရပြီး တချို့ဆီဆိုင်တွေဆိုရင် ပိတ်ထားရတဲ့အထိ ဖြစ်နေတာကြောင့် အပြင်ပေါက်ဈေးမှာ စားအုန်းဆီ တပိဿာကို ငွေကျပ် ၂၁,၀၀၀ အထိ ဈေးတက်သွားပါတယ်။
ဆီဆိုင်နဲ့ နီးစပ်သူတယောက်က “ဆီခွဲတမ်း ထပ်လျှော့တဲ့အပြင်၊ တရက်ကို ဘယ်လောက်ပဲ ရောင်းရမယ်၊ ဘယ်စျေးနဲ့ ရောင်းရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ ပါလာပါတယ်။ ရောင်းသူဝယ်သူကို စောင့်ကြည့်နေတာကြောင့်၊ ဘယ်သူလာဝယ်ဝယ် လိုသလောက် မရောင်းရဲဘူး”လို့ပြောပါတယ်။
ဒီလို အခြေအနေတွေကြောင့် အခြေခံလူတန်းစားတွေ ဆီဝယ်ယူဖို့ ခက်ခဲနေပြီး၊ အကြော်အလှော် လုပ်ငန်းတွေပါ ရပ်ဆိုင်းရမဲ့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်။
ဒေသခံပြည်သူ တယောက်ကလည်း “စားဆီကို ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ပြစ်မှုကြီးတခု ကျူးလွန်ထားသလို ခိုးကြောင်ခိုးဝှက် ဝယ်နေရတယ်။ ပိဿာလိုက်ဝယ်ရင် ဖမ်းမဲ့သဘော ရှိတယ်” လို့ ဆိုပါတယ်။
စားသုံးဆီအပြင် စက်သုံးဆီစျေးတွေလည်း မြင့်တက်နေပြီး ရည်ညွှန်းစျေးအနေနဲ့ ဓာတ်ဆီ 92 တလီတာကို ကျပ် ၄,၁၀၀ ၊ 95 ကို ကျပ် ၄,၅၀၀ နဲ့ ဒီဇယ်ကို ကျပ် ၄,၈၀၀ သတ်မှတ်ထားပေမဲ့ ပြင်ပမှာတော့ 92 တလီတာကို ကျပ် ၁၀,၀၀၀ ၊ 95 ကို ကျပ် ၁၁,၀၀၀ နဲ့ ဒီဇယ် ၈,၀၀၀ ကျော်အထိ ရှိနေပြီး လိုသလောက် ဝယ်မရဘူးလို့ သိရပါတယ်။
ရွှေဘိုမြို့ခံတွေဟာ အခုလို ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေအပြင်၊ ပေါ်တာဆွဲခံရတာ ငွေတောင်းခံရတာတွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို ခိုးဆိုးလုယက်မှုတွေကိုပါ ရင်ဆိုင်နေရတာကြောင့် လုံခြုံရေး ကင်းမဲ့နေတယ်လို့ လည်း မြို့ခံတွေက ပြောပါတယ်။










