
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ကြီးရေတပ်ရဲ့ ရှေ့တန်းကာကင်းစခန်းဖြစ်တဲ့ အဝတောင်ကျေးရွာ အနီးမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က အထိအခိုက်များစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ အဝတောင်ကျေးရွာကို အခြေပြုပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံနေပေမဲ့ အထိအခိုက်များစွာနဲ့ ရင်ဆိုင်နေရတာကြောင့် အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက်ပြုလုပ်နေရတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အဝတောင်အနီး တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်တပ်က အထိအခိုက်တွေ များနေတာကြောင့် ထိခိုက်သူတွေကို တောင်မော်ကြီး ရေတပ်ကို ရွှေ့ပြောင်းပြီး အဝတောင်ကို စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်နေတယ်။ စစ်တပ်က ပြည်သူ့စစ်တွေကို ရှေ့တန်းပို့ပြီး တိုက်ခိုက်ခိုင်းနေတာ။ ဒဏ်ရာပြင်းထန်သူတွေကိုတော့ ဓညဝတီရေတပ်ဌာနချုပ်ကို ရွှေ့ပြောင်းပြီး ဆေးကုနေတာတွေ ရှိတယ်လို့ သိရတယ်။”
စစ်အာဏာရှင်တပ်ဟာ မေလ ပထမပတ်က စနဲမြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ ဗျူဟာကျ ကြားဖြတ်တိုက်ခိုက်မှုနဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကြောင်းပြုန်းတီးပြီး သူတို့ရဲ့ ကာကင်းစခန်း ၅ ခုကိုပါ လက်လွှတ်ခဲ့ရကာ တောင်မော်ကြီးရေတပ်ကို ပြန်ဆုတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ဇွန်လ ဒုတိယအပတ်မှာ တောင်မော်ကြီးရေတပ်မှာ ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက် ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမဲ့လည်း သူတို့ရဲ့ တခုတည်းသော ရှေ့တန်း ကာကင်း အဝတောင်ကျေးရွာထက် မကျော်နိုင်ဘဲ အထိအခိုက်များစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျောက်ဖြူနဲ့ စစ်တွေ စစ်မျက်နှာတွေမှာ ထိန်းချုပ်နယ်မြေ တိုးချဲ့နိုင်ဖို့ထက် သူတို့ရဲ့ အထိုင်စခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေ သိမ်းပိုက်မခံရဖို့ကိုဘဲ အားပြုနေရတယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်က မှတ်ချက်ပြုပါတယ်။
“စစ်ကောင်စီရဲ့ ရခိုင်စစ်ရေး အခြေအနေက သူတို့အနေနဲ့ ထိန်းချုပ်နယ်မြေတွေ တိုးချဲ့နိုင်ဖို့ထက် သူတို့ရဲ့ အထိုင်စခန်းတွေ၊ တပ်ရင်းတွေ၊ ဗျူဟာတွေ သိမ်းပိုက်မခံရဖို့ဘဲ အားပြုပြီး ခုခံနေရတာ တွေ့ရတယ်။ ကျောက်ဖြူဘက်မှာ စနဲမြို့ကို ရမလား ထိုးစစ်ဆင်ကြည့်ပေမဲ့ ကိုယ့်ရဲ့ ကာကင်းတွေသာ သိမ်းပိုက်ခံလိုက်ရတာ ကြည့်ရင် သိသာပါတယ်။ စစ်တွေဘက်မှာလည်း ဒီအတိုင်းပါပဲ။ ရှေ့တိုးနိုင်ဖို့ထက် သူတို့ရဲ့ တပ်စခန်းတွေ သိမ်းပိုက်မခံရဖို့လောက်ဘဲ ကြိုးပမ်းနေကြရတာ။”
စစ်အာဏာရှင်တပ်ဟာ တခြား တိုင်းနဲ့ပြည်နယ်တွေကို သူတို့ရဲ့ ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်သိမ်းပိုက်တာမျိုးတွေ ဆက်တိုက်ပြုလုပ်နေပေမဲ့ ရခိုင်ပြည်နယ်က လက်ကျန် ၃ မြို့ကို သိမ်းပိုက်မခံရဖို့ အသည်းအသန် ကြိုးပမ်းနေရတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ ကျောက်ဖြူ၊ စစ်တွေနဲ့ ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းတို့မှာ စစ်ရေးဖော်ဆောင်မှုတွေကို တပြိုင်နက်တည်း ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။










