
၂၀၂၇ စူပါဘောလ်နဲ့ ၂၀၂၈ နွေရာသီ အိုလံပစ်ပွဲတွေလို အားကစားပွဲကြီးတွေအတွက် ပြင်ဆင် နေချိန်မှာ ကမ္ဘာ့ဖလားပွဲစဉ်တွေတုန်းက ဒရုန်းတွေ စည်းကမ်းဖောက်ဖျက်မှုရှိခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်မြို့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တာဝန်ရှိသူတွေက ဇူလိုင် ၂၉ ရက် မှာ ပြောပါတယ်။
FBI ဟာ ကမ္ဘာ့ဖလားပွဲတုန်းက သိမ်းဆည်းရမိခဲ့တဲ့ ဒရုန်းတွေကို ပြသခဲ့ပြီး အဲဒီလုံခြုံရေး ဆောင်ရွက်ချက်တွေက ရရှိတဲ့ သင်ခန်းစာတွေဟာ ကာလီဖိုးနီးယားတောင်ပိုင်းကို ဧည့်သည် အများအပြား လာရောက်မယ့် အနာဂတ်ပွဲကြီးတွေအတွက် လုံခြုံရေးပြင်ဆင်ရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ပြောပါတယ်။
FBI နဲ့ ပြည်တွင်းလုံခြုံရေးဌာန (DHS) တို့ ပူးပေါင်းပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေအတွင်း ယာယီလေကြောင်း ကန့်သတ်ချက်ကို ဖောက်ဖျက်ခဲ့တဲ့ ဒရုန်း ၇၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ လော့စ်အိန်ဂျလိစ် FBI တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ပက်ထရစ် ဂရန်ဒီ က ပြောပါတယ်
လော့စ်အိန်ဂျလိစ်မှာတင် ဆိုဖှီ အားကစားရုံ၊ LA အမိုးဖွင့် အားကစားကွင်းတွေနဲ့ Fan Zone တို့ကနေ ဒရုန်း ၅၉ စီး သိမ်းဆည်းခဲ့ပြီး မောင်းနှင်သူတွေကို အရေးယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒရုန်းကို ပေါ့ပေါ့ဆဆ မောင်းနှင်ရင် ပျက်ကျတဲ့အထိ အန္တရာယ်ကြီးမားတာကြောင့် ပရိသတ်တွေ အနေနဲ့ ကန့်သတ်နယ်မြေတွေကို သိရှိပြီး တာဝန်ယူမှုရှိရှိ မောင်းနှင်ဖို့ လိုအပ်ကြောင်း၊ စူပါဘောလ် နဲ့ အိုလံပစ်ပွဲ မတိုင်မီ လာမယ့်လတွေမှာ လူထုကို အသိပညာပေးမှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ လည်း ဆိုပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ဟာ ၂၀၂၇ မှာ စူပါဘောလ်နဲ့ နောက်ထပ် ၂၃ လအကြာ ၂၀၂၈ မှာ နွေရာသီ အိုလံပစ်ပွဲတွေကို လက်ခံကျင်းပသွားမှာမလို့ စံချိန်တင် ပွဲကြီးလမ်းကြီးတွေ ဆက်တိုက်ရှိနေတာပါ။
ဂရန်ဒီက “အိုလံပစ်ပွဲကို လုံခြုံစိတ်ချရဖို့ အကောင်းဆုံး ပြင်ဆင်နေပြီး အရှိန်အဟုန်ပြည့် ဆောင်ရွက်နေပါတယ်။ လော့စ်အိန်ဂျလိစ်အနေနဲ့ အကောင်းဆုံး ပြင်ဆင်ပြသနိုင်မှာမလို့ ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်" လို့ ရိုက်တာစ်သတင်းဌာနကို ပြောခဲ့ပါတယ်။
လက်ရှိမှာ ဖက်ဒရယ်၊ ပြည်နယ်နဲ့ မြို့နယ် အာဏာပိုင်တွေ၊ ပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်းပြီး လိုအပ်မယ့် လုံခြုံရေးအင်အား ပမာဏနဲ့ ပွဲကျင်းပမယ့် ကွင်းအလိုက် လုံခြုံရေးအစီအစဉ်တွေကို အသေးစိတ် ရေးဆွဲနေပါတယ်။
Source:Reuters










