
ရုရှားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့အတွက် ဝန်ဆောင်ခမှာ သတ်မှတ်ထားတာထက် ၂ ဆကျော် ကုန်ကျနေပြီး ကျပ်သိန်း ၁၃၀ နီးပါးရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
လက်ရှိမှာ အေဂျင်စီအချို့က ရုရှားကို အလုပ်သမားစေလွှတ်လာတာဖြစ်ပြီး အစောပိုင်းကာလမှာ ဝန်ဆောင်ခ ပေးစရာမလိုဘဲ လွှတ်တာကနေ အခုနောက်ပိုင်းမှာ ဝန်ဆောင်ခရယူ ပို့ဆောင်လာတာလို့ ဆိုပါတယ်။
အဲဒီလိုစေလွှတ်ဖို့အတွက် အလုပ်သမားတယောက်ကို ဝန်ဆောင်ခ ဒေါ်လာ ၁,၈၀၀ သတ်မှတ်ထားတာဖြစ်ပြီး ဗဟိုဘဏ်ရဲ့ ငွေလဲနူန်း တဒေါ်လာ ၃၆၆၃ ကျပ် နဲ့ တွက်ရင် ၆၅ သိန်းနီးပါးရှိပေမဲ့ တကယ့်လက်တွေ့မှာ သိန်း ၁၃၀ လောက် ပေးရတာလို့ ရုရှားနိုင်ငံသွားဖို့ စုံစမ်းလေ့လာနေသူတယောက်က ပြောပါတယ်။
“ဒါတောင် လေယာဥ်လက်မှတ်တွေကို ခေါ်တဲ့ ကုမ္ပဏီဘက်က ပေးလို့။ တခြားရွေးချယ်စရာမရှိတော့ ရုရှားကိုခြေဦးလှည့်လာကြတာ။”
ရုရှားနိုင်ငံက စက်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ကုန် စတဲ့လုပ်ငန်းအမျိုးအစားတွေအတွက် ယောကျ်ားလေးရော၊ မိန်းကလေးလုပ်သားတွေပါ ခေါ်နေတာလို့ အေဂျင်စီလုပ်ငန်းအသိုက်အဝန်းကနေ သိရပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ ဒါရိုက်တာတယောက်က “လွှတ်တဲ့အေဂျင်စီကလည်း အခုမှ စမ်းလွှတ်ကြရတာ။ ဝန်ဆောင်ခကတော့ ဒီလောကမှာ ဖြစ်ရိုးဖြစ်စဉ်ပဲ” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရက ပြည်ပကို ယောကျ်ားလေးတွေ သွားရောက်လုပ်ကိုင်တာ တားမြစ်ထားပေမဲ့ အစိုးရအေဂျင်စီ (POEA) က တောင်ကိုရီးယားနိုင်ငံကို တာဝန်ယူစေလွှတ်တဲ့ EPS လုပ်သားနဲ့ ရုရှားသွားမဲ့သူတွေကိုတော့ ခွင့်ပြုထားပါတယ်။










