
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်က ဖောင်ဆိပ်မှာ ဇူလိုင် ၁၉ ရက် ဒီမနက်အစောပိုင်း ၂ နာရီခွဲလောက်က ဖောင်ကြိုးပြတ်ပြီး လူတွေမျာပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နားမခေါ်ကျေးရွာအုပ်စု၊ တာလုံရွာမှာရှိတဲ့ အဲဒီဖောင်ဆိပ်ဟာ သီပေါတံတားကို စစ်အာဏာရှင်တပ်က ပိတ်ထားတာကြောင့် အသုံးပြုနေရတာဖြစ်ပြီး ဖောင်ပေါ်မှာ ကားနဲ့အတူ အမျိုးသား ၃ ယောက်၊ စက်လှေသမား ၄ ယောက်ပါသွားတာဖြစ်ပါတယ်။
ဒေသခံတယောက်က “ကယ်ရီကား။ တစီးက တက်မလို့ လုပ်တုန်းတဲ့။ အာရာဖတ်တစီးက စက်လှေနဲ့အတူ မြုပ်သွားတာ။ အာရာဖတ်တစီး ပါသွားတယ်။ confirm ဖြစ်တယ်။ ကားသမားတွေက နောင်ပိန်က” လို့ ပြောပါတယ်။
တဘက်ကမ်းကိုကူးဖို့ စက်လှေပေါ်တက်နေချိန် စက်လှေကြိုး ပြုတ်ထွက်သွားပြီး စက်လှေရော ကားပါ ဒုဋ္ဌဝတီမြစ်ထဲ မျောသွားပြီးနောက် ခဏအကြာ စက်လှေနဲ့အတူကားပါ ရေထဲ မြုပ်သွားခဲ့တာလို့ သိရပါတယ်။
အဲဒီလမ်းကြောင်းဟာ SSPP ထိန်းထားတဲ့နေရာ ဖြစ်ပြီး ကယ်ရီလမ်းကြောင်း ဖြစ်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။
တာလုံရေဆိပ်ဟာ သီပေါရေဆိပ်ထက် ပိုနက်ပြီး လက်ရှိမှာ မိုးဆက်တိုက်ရွာနေလို့ ရေများနေသလို ရေစီးလည်းသန်၊ ရေလည်းနောက်နေလို့ ဆယ်ဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။
စုစုပေါင်း လူ ၇ ယောက် မျောပါသွားတာဖြစ်ပြီး ၂ ယောက်ကတော့ ကမ်းပေါ် ကူးခတ်လာနိုင်ပေမဲ့ ကျန်တဲ့သူတွေကိုတော့ ရှာမတွေ့သေးပါဘူး။
ဇူလိုင် ၁၇ ရက်ကလည်း သီပေါ စက်လှေဆိပ်မှာ စက်လှေတစီး ကမ်းကပ်ချိန် တိမ်းမှောက်ခဲ့ပြီး လူသေဆုံးမှု မရှိဘဲ ပစ္စည်းတွေလည်း ပြန်ဆယ်ယူရရှိခဲ့ပါတယ်။
သီပေါကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် သီပေါတံတားကနေ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေဟာ မြစ်ဆိပ်ကနေ အဓိက သွားလာနေကြရတာပါ။











