DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန်  လူထုတွေ့ဆုံပွဲများ ခပ်စိတ်စိတ်လုပ်လာ
ဟန်န
·
April 14, 2026
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန်  လူထုတွေ့ဆုံပွဲများ ခပ်စိတ်စိတ်လုပ်လာ
Donate to DVB

ပြည်သူလူထုကန့်ကွက်မှုနဲ့ ၁၀ စုနှစ်တစ်ခုကျော်ကြာ ရပ်တန့်ခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဟာ ဖိအားတွေအောက်မှာ ပြန်လည်လှုပ်ရှားလာနေပြီး စစ်အုပ်စုက စီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ လူထုတွေ့ဆုံပွဲတွေ ခပ်စိတ်စိတ်ပြုလုပ်လာနေပါတယ်။

ကချင်ပြည်နယ်မှာ တည်ဆောက်ဖို့ရှိတဲ့ မြစ်ဆုံစီမံကိန်းဟာ လူထုကန့်ကွက်မှုကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော် ရပ်နားထားခဲ့တဲ့ စီမံကိန်းတခုပါ။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်အကြာမှာတော့ မြစ်ဆုံ-မြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ အသည်းအသန် ကြိုးစာလာတာက မြစ်ကြီးနားမြို့နယ်အတွင်းမှာ ခပ်စိတ်စိတ်လုပ်ဆောင်လာတဲ့ လူထုတွေ့ဆုံပွဲတွေက သက်သေခံနေပါ။

ကချင်ပြည်နယ်မှာ စစ်ကောင်စီက မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေး‌ပွဲဆိုပြီး အခုနှစ်ပထမသုံးလပတ်အတွင်းမှာပဲ အနည်းဆုံး ၁၁ ကြိမ် လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ပြီးစီးသွားပြီဖြစ်ကြောင်း စစ်အာဏာရှင် လက်အောက်ခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေး‌ပွဲသို့ တက်ရောက်သူတွေဟာ ဒေသခံပြည်သူတွေကို ကိုယ်စားပြု၊ မပြုဆိုတာက အတည်ပြုမရနိုင်ဘူးလို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကချင်အမျိုးသမီးတယောက်က ထောက်ပြပါတယ်။

“မြစ်ဆုံစီမံကိန်း ပြန်ပြီးလုပ်ဖို့ သူတို့ကော်မတီတွေ ဖွဲ့တယ်။ အဲဒီကော်မတီကလည်း ဒေသခံတွေ ဆိုပြီး ပြောတယ်။ အဲဒီကော်မတီဆိုတာလည်း ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ ကော်မတီ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာလည်း ကျမတို့ မသိနိုင်ဘူး။ ပြီးတော့ မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ အစည်းအဝေးတွေမှာ တက်ရောက်တဲ့ ပြည်သူတွေကလည်း ပြည်သူတွေရဲ့ကိုယ်စားလှယ် ဟုတ်၊ မဟုတ် ဆိုတာ အတည်ပြုလို့မရဘူး။”

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ချိန်မှာလည်း ဆွေးနွေးပွဲ တက်ရောက်တဲ့ ဒေသခံတွေ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် မရကြဘူးလို့ မြစ်ကြီးနားဒေသခံက  ပြောပါတယ်။

“ကျနော်တို့ ပြန်သိရတာက သူတို့က မြစ်ဆုံလုပ်ရင် ဘယ်လောက်ကောင်းတယ်ဆိုတာပဲ တယောက်ပြီးတယောက် ရှင်းသွားကြတာ။ မကောင်းတာတော့ မပြောဘူးပေါ့။ သူတို့ ပြောချင်တာပဲ တယောက်စီ အလှည့်ကျ ပြောကြတာမျိုး။ မေးခွန်းမေးတာမျိုး မရှိဘူးလို့ ကြားရတယ်။ ဘယ်သူက ဆန့်ကျင်ဘက် မေးခွန်း မေးရဲမလဲ သူတို့လုပ်တဲ့ပွဲလေ။”

စစ်အာဏာရှင်ဟာ သူရဲ့စီမံကိန်းတွေကို အထောက်အထားမရှိဘဲ ကန့်ကွက်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့က “စစ်ကောင်စီကတော့ ဒီစီမံကိန်းပဲ မဟုတ်ဘူး၊ ဘယ်စီမံကိန်းမဆို ဆွေးနွေးတဲ့အချိန်မှာ သူ တို့အလိုကျ လုပ်ချင်တဲ့ဟာတော့ လုပ်မှာပဲ။ အဲဒီချိန်မှာ ပြည်သူလူထုကလည်း တက်ရောက်ပေမဲ့ မေးခွန်း မေးမြန်းတာတွေကတော့ မရှိဘူးဆိုတာ အားလုံးသိတဲ့အတိုင်းပဲ။ စစ်ကောင်စီက ဆွေးနွေးတဲ့အချိန်မှာ ဘာမှသူတို့ကို ပြောပိုင်ခွင့်မရှိဘူး။ သူတို့ ခွင့်ပေးထားရင်လည်း တကယ်လို့များ ပြောလာတဲ့အချိန်မှာ သူတို့နဲ့ မကိုက်ညီတဲ့အခြေအနေမှာဆို သူတို့ကတော့ ဖမ်းဆီးမယ်။ ဒီလိုမျိုးပဲ ဖြစ်လာမယ်။ ဆိုတော့ အခုလိုမျိုး စစ်ကောင်စီ ဆွေးနွေးတဲ့အချိန်မှာ ပြည်သူလူထုက မေးမြန်းခွင့် မရတာကတော့ ဘာမှ ထူးခြားမှုမရှိဘူး”လို့ ပြောပါတယ်။

၁၀ စု နှစ်ခုကျော်ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းအပေါ် ဒေသခံတွေက တနှစ်မှ စိုးရိမ်ပူပန်မှု ပျောက်မသွားခဲ့ကြပါဘူး။

ဒေသတွင်း စစ်ရေးမတည်ငြိမ်မှုအပြင် စစ်အာဏာရှင်ရဲ့ စီမံကိန်းကို ကန့်ကွက်ရင် အရေးယူမယ်ဆိုတဲ့ ကြေညာချက်တွေကြောင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်ခြေရှိတဲ့ ဒေသခံတွေနဲ့ အတူ နှစ်ပေါင်းများစွာ ကန့်ကွက်လာခဲ့တဲ့ လူထုအသံ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လာခဲ့ပါတယ်။

တချိန်က လူထုအင်အားနဲ့ ရပ်တန့်နိုင်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို စစ်အာဏာရှင်က ပြန်လုပ်ဖို့ ပြင်ဆင်လာတဲ့အချိန်မှာ အရင်လိုပွင့်လင်းတဲ့ ဆန့်ကျင်မှုတွေ မမြင်တွေ့ရတော့တာကလည်း သိသာထင်ရှားတဲ့ ပြောင်းလဲမှု တရပ်ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ကချင်အမျိုးသမီးတယောက်က “အရင်တုန်းကတော့ လုံးဝဆန့်ကျင်ပြီး ပြောဆိုခွင့်ရှိခဲ့တယ်။ အခုက ဆန့်ကျင်ပြောဆိုခွင့် လွတ်လွတ်လပ်လပ် မရှိဘူးဆိုတာလည်းကြားရတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တာတွေ အထောက်အထားမရှိပဲနဲ့ ပြောဆိုတာတွေ ရှိလာရင် သူတို့က ပြင်းထန်စွာ အရေးယူမယ်ဆိုပြီးမှ သတင်းတွေကလည်း ကြားနေရတာပေါ့နော်။ ပြီးတော့ အဲ့လို ကန့်ကွက်တဲ့ လူတွေကိုလည်း သူတို့က ပစ်စာပေးပြီးတော့ ခြိမ်းခြောက်နေတာ၊ ဘယ်သူမှန်းမသိတဲ့ ပစ်စာပေးခဲ့ရတဲ့သူတွေလည်း ရှိနေတဲ့အခါကျတော့ အစည်းအဝေးမှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်ဖို့ သုံးသပ်ဖို့အတွက် အခွင့်အရေးမရဘူးလို့ ထင်ပါတယ်”လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နယ် မေခနဲ့ မလိခ မြစ် ၂ စင်းဆုံရာမှာ တည်ဆောက်မဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဟာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ခန့်ရှိပြီး တရုတ်အစိုးရပိုင် ကော်ပိုရေးရှင်းက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရ ၁၅ ရာခိုင်နှုန်းနဲ့ Asia World ကုမ္ပဏီက ၅ ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်ထားကြပါတယ်။

မေလ၊ မလိခ မြစ်တလျောက် မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်မဲ့ မြစ်ဆုံစီမံကိန်းအပြင် မြစ်လက်တက်တွေမှာလည်း မလိယန်၊ ချီဖွေ၊ အူဆောက်၊ ဖီဆော်၊ ခေါင်လန်ဖူး၊ ရီနန်ရေအား လျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ပြီး နှစ်စဉ် လျှပ်စစ်မဂ္ဂါဝပ် ၂၀,၀၀၀ လောက် ထုတ်ယူမှာဖြစ်သလို ထွက်ရှိလာတဲ့ လျှပ်စစ်တွေကို တရုတ်က ၉၀ ရာခိုင်နှုန်းနဲ့ မြန်မာက ၁၀ ရာခိုင်နှုန်း ခွဲဝေမယ်လို့ သိရပါတယ်။

ဒီမြစ်ဆုံစီမံကိန်းကြောင့် ၁၀ စုနှစ်တခုကျော်ကြာ ရွှေ့ပြောင်းခံခဲ့ရတဲ့ ကျေးရွာ ၁၁ ရွာ နီးပါးရှိခဲ့ပြီး အဲဒီကျေးရွာတွေကို အောင်မြင်သာကျေးရွာနဲ့ မလိယန်ကျေးရွာသစ်တို့မှာ နေရာချခဲ့ပေးခဲ့ပေမဲ့ ဒေသခံတွေ အသက်မွေးဝမ်းကျောင်းနဲ့ ဘဝအခြေအနေတွေလည်း ပြောင်းလဲသွားခဲ့ရတာ ဖြစ်ပါတယ်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့က နောက်ထပ် ထပ်မံ ရွှေ့ပြောင်းခံရနိုင်မှုတွေအပေါ်စိုးရိမ်မှုတွေ ရှိနေကြောင်း ပြောပါတယ်။

“သူတို့ မြစ်ဆုံစလုပ်လာကတည်းက ရွှေ့ပြောင်းခဲ့ရတဲ့ ရွာတွေ ရှိပါတယ်။ အခုတောင်မှ ဒီလိုမျိုးစလုပ်တဲ့ အခြေအနေမှာ ဘယ်နှရွာထပ်ပြီး ရွှေ့ပြောင်းခံရမယ်ဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ ပြောင်းရွှေ့ခံရတဲ့ ပြည်သူလူထုရဲ့ တချို့အသံကို ကြားရင်ကတော့ အမြဲတမ်းစိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘယ်အချိန်မှာ တာဝန်ရှိသူ စစ်ကောင်စီတွေ လာမလဲ၊ ဘယ်အချိန်မှာပြန်ပြီး ပြောလာမလဲ ဆိုတာတွေ၊ အခု ရွှေ့ပြောင်းခံရတဲ့ထဲမှာတောင် သူတို့ကို စစ်ကောင်စီက အသံတိတ်ဖို့ မပြောဖို့ လာပြောတာတွေ ရှိတယ်။”

မြစ်ဆုံရေကာတာ တည်ဆောက်မဲ့နေရာဟာ စစ်ကိုင်း ငလျင်ပြတ်ရွေးကြောနဲ့ ၁၅ မိုင်ကျော်သာ ဝေးတာကြောင့် ငလျင်လှုပ်ပြီး ပြိုကျခဲ့ပါက ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံ အရွယ်အစားလောက် ရှိပြီး ၂၃ မိုင်ခန့်အကွာ မြစ်ကြီးနားမြို့ ရေလွှမ်းမိုးနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ သုံးသပ်ထားကြပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်က ဒေသခံတွေကို မက်လုံးပေးတာ၊ ခြိမ်းခြောက်တာတွေနဲ့ ဖိအားပေးမှုတွေ ရှိနေတာကြောင့် ဆယ်စုနှစ်တခုကြာ ကန့်ကွက်လာတဲ့ ဒေသခံတွေထဲမှာလည်း သဘောထား ကွဲပြားမှုတွေ ရှိလာတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကချင်အမျိုးသမီးက ထောက်ပြပါတယ်။

“၁၀ နှစ်တခုကျော်တိုင်အောင် ကန့်ကွက်လာခဲ့တဲ့ တချို့သူတွေကို သူတို့က မက်လုံးတွေပေးပြီး စည်းရုံးပြီးတော့ သူတို့ဘက်မှာ ရပ်တည်အောင် လုပ်လာတဲ့အပိုင်းတွေ ရှိလာတယ်။ ဆိုတော့ ကျမတို့ ပြည်သူတွေ သဘောထားတွေ အကွဲကွဲအပြဲပြဲ ဖြစ်လာတယ်။ အသက်မွေးဝမ်းကျောင်းတွေ ခက်ခဲလာတဲ့ အခါကျတော့။ တချို့တွေကိုကျတော့ ငွေကြေးနဲ့ တချို့တွေကို‌တော့ ခြိမ်းခြောက်မှုတွေ ခံရတဲ့အခါကျတော့ ငွေကြေးမယူပေမဲ့ ဆက်ပြီးကန့်ကွက်ဖို့ အင်အားတွေ မရှိလာဘူး။ ခြိမ်းခြောက်မှုတွေ ရှိတဲ့အခါကျ မလုံခြုံမှုတွေ ဖြစ်လာတာကလည်း တောက်လျှောက်ပိုပြီး ဆိုးဝါးလာတယ်။”

မေခနဲ့ မလိခမြစ်တို့ ပေါင်းဆုံရာနေရာ မြစ်ဆုံဒေသဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပါမှုအပြင် ယဉ်ကျေးမှုနဲ့ သမိုင်းအရ တန်ဖိုးရှိတဲ့ ဒေသတခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

ဒါကြောင့် မြစ်ဆုံရေကာတာ စီမံကိန်းအကောင်အထည်ဖော်တာဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေသာမက ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးဆုံးရှုံးနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

ဒါ့အပြင် မြစ်ဆုံဒေသနဲ့ နီးစပ်တဲ့ ဝိုင်းမော်မြို့နယ်နဲ့ မြစ်ကြီးနားမြို့အနီးတို့မှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး ဒီအခြေအနေတွေအောက်မှာ စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ခြင်းက ဒေသတွင်း မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ ကြိုးပမ်းနေတဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အနေနဲ့ကတော့ လူထုသဘော ဆန္ဒအတိုင်းသာ ရပ်တည်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ တကျော့ပြန် အကောင်အထည်ဖော်လာနိုင်တဲ့ မြစ်ဆုံစီမံကိန်းအစီအစဉ်သစ်ကို ဒေသခံတွေက ကျေနပ်ဝမ်းသာနေတယ်လို့ စစ်အာဏာရှင်က ဝါဒဖြန့်နေပေမဲ့ စီမံကိန်းအပေါ် ကန့်ကွက်ဝေဖန်သံတွေ တဖြည်းဖြည်း ကျယ်လောင်လာသလို မြေပြင်မှာ ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုအဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ဖားကန့်မြို့နယ်နေ ကချင်လူထုက စတင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013