DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်လောကကို ထိပ်တန်းဘဏ်ခရိုနီကြီးများကိုသာ ဦးဆောင်ခိုင်းရန် ကြံ့ခိုင်ရေးအမတ် အဆိုတင်
DVB
·
October 1, 2026
Photo: Hluttaw Channel
Photo: Hluttaw Channel
Donate to DVB

မြန်မာ့ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ၊ AYA နဲ့ CB တို့ကို အများယုံကြည်ရတဲ့ ထိပ်တန်းဘဏ်ကြီးတွေအဖြစ် ပုံဖော်ပြီး တခြားဘဏ်တွေကိုတော့ ပြည်သူ မယုံရတဲ့ ဘဏ်ပုံစံမျိုး စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်မှာ ခိုင်းနှိုင်းယှဥ်ပြရင်း ပုဂ္ဂလိကပြည်တွင်းဘဏ်တွေကို အရေအတွက် လျှော့ချမဲ့ အဆိုတရပ်ကို စစ်အာဏာရှင်လွှတ်တော်ထံ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်က ကြံ့ခိုင်ရေးအမတ်က တင်သွင်းလိုက်ပါတယ်။

ရေချုပ်ဟောင်း ဗိုလ်ချုပ်စိုးသိန်းရဲ့သား  ကြံ့ခိုင်ရေးအမတ်  ဦးအေးချမ်းက ငွေကျပ် သိန်း ၅၀၀ ရှိရင် KBZ၊ AYA နဲ့ CB မှာ အပ်မလား။ ကမ္ဘာ့ရတနာဘဏ်၊ မြန်မာ့ခရီးသွားဘဏ်နဲ့ မြန်မာ့နိုင်ငံသားများဘဏ်တွေဆီမှာ အပ်ကြမလားဆိုတဲ့ မေးခွန်းကို စက်တင်ဘာ ၂၈ ရက်က စစ်အာဏာရှင် လွှတ်တော်မှာ မေးပြီး အဆိုတင်ခဲ့တာတာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း ဘဏ်ကြီးတွေကိုပဲ စိတ်ဝင်တစား မေးကြတဲ့အကြောင်းနဲ့ ထိပ်တန်းဘဏ်ကြီး ၅ ခုမှာပဲ နိုင်ငံခြားအပ်ငွေ ဒေါ်လာ ၁ ဘီလီယံရှိတဲ့အကြောင်း ထည့်ပြီး ပြောဆိုခဲ့ပါတယ်။

အဲဒီအဆိုတင်တာကို ဗိုလ်တထောင် ကြံ့ခိုင်ရေးအမတ် ဦးဉာဏ်ဝင်းထိုက်က ထောက်ခံဆွေးနွေးခဲ့တဲ့အပြင် အဆိုကို လက်ခံဆွေးနွေးဖို့ စစ်အာဏာရှင်လွှတ်တော်ကလည်း သဘောတူခဲ့ပါတယ်။

ငွေကြေးဆိုင်ရာ လေ့လာနေသူတယောက်က “ဘဏ်ခရိုနီကြီးတွေ ရေးထားတဲ့ဟာကို ဖတ်ပြတဲ့ သဘောလို့ပဲ မြင်တယ်။ ပြောတော့ ဈေးကွက်စီးပွားရေးဆို။ လက်ရှိမှာ ဘဏ် ၂၇ ဘဏ်မှာ ၂၃ ဘဏ်က စစ်အုပ်စုက ခွင့်ပြုပေးခဲ့တာ၊ ဖွင့်ခွင့်ပြုခဲ့တာ။ အဆိုတင်စဥ်မှာ ဘဏ်တွေကို ပိတ်ခိုင်းတာမဟုတ်ပါဘူး၊ ပေါင်းခိုင်းတာပါ။ မပေါင်းရင် အစိုးရက ပေါင်းပေးဆိုတော့ကာ ဒါဟာ အတင်းအကျပ်စေခိုင်းနေတာပဲ” လို့ ပြောပါတယ်။

ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တယောက်က “ဘဏ်တွေကို တစုတစည်းတည်း ထားပြီး အဲဒီဘဏ်တွေက မကောင်းလို့ရှိရင် ဒီလူတွေပဲ ခံကြရမှာလေ။ တိုင်းပြည်တောင် ဘာမှမဖြစ်သေးဘူး၊ အရေးမပါတာတွေကို လျှောက်ပြောနေတယ်။ အဆိုရှင်က ဗိုလ်ချုပ်ကြီးစိုးသိန်းရဲ့ သားလေ။ ဒီအချိန်မှာ အဲဒါထက်အရေးကြီးတဲ့ ငွေကြေးမူဝါဒတွေ မြောက်မြားစွာရှိတယ်။ နောက် ဘဏ်တိုးနှုန်း။ ဒီကိစ္စတွေကို မလုပ်ဘဲ ဘာတွေ လျှောက်လုပ်နေလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

ဦးအေးချမ်းကတော့ မြန်မာမှာ ဘဏ်များများရှိဖို့ထက် ခိုင်မာတဲ့ဘဏ်ရှိဖို့သာ လိုအပ်ပြီး သေးသေးမွှားမွှားဘဏ်တွေ မလိုအပ်ဘူးလို့ ပြောတဲ့အပြင် လက်ရှိမှာ ဘဏ်အပ်ငွေတွေကို ထုတ်ချင်တဲ့ အချိန်မှာ ထုတ်ချင်သလောက် ထုတ်လို့မရတဲ့ဘဏ်တွေ ရှိနေကြတယ်လို့ လွှတ်တော်ကို ပြောဆိုခဲ့ပါတယ်။

‘’အဓိက အဆိုပြုလိုတာက ပြည်သူများရဲ့ ယုံကြည်ချက်ကို မတည်ဆောက်နိုင်သေးသော ဘဏ်များ ဆက်လက်ရပ်တည်ခွင့် ရှိသင့်သလားဆိုတဲ့ မေးခွန်းကို စဉ်းစားရမှာ ဖြစ်ပါတယ်’’ လို့ သူက ဆက်ပြောပါတယ်။

သူက ဘဏ်အရေအတွက်အနေနဲ့ မလေးရှားမှာ ၈ ခု၊ စင်ကာပူမှာ ၅ ခုနဲ့ ထိုင်းမှာ ၁၄ ခုသာရှိပေမဲ့ မြန်မာမှာ ၃၀ ကျော်အထိ ရှိနေတာကိုလည်း နှိုင်းယှဥ်ပြောဆိုတဲ့အပြင် ၂၀၀၁ မှာ စင်ကာပူက သူ့နိုင်ငံထဲမှာရှိတဲ့ ဘဏ် ၂၀ ကျော်ကို ပေါင်းစည်းခဲ့တာကိုလည်း ဥပမာပြုခဲ့ပါတယ်။

နောက်ထပ် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တယောက်ကလည်း ဒါဟာ Monopoly လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

Monopoly ဆိုတာ မြန်မာလို ဈေးကွက်လက်ဝါးကြီးအုပ်တယ်လို့ အဓိပ္ပာယ်ရပြီး ပထမဦးစွာ ဈေးကွက်မှာ တယောက်တည်း စိုးမိုးတာဖြစ်ပြီး ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတခုကို ထုတ်လုပ်ရောင်းချရာမှာ ပြိုင်ဘက်ကုမ္ပဏီ သို့မဟုတ် တခြားဆိုင် လုံးဝမရှိဘဲ သို့မဟုတ် ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ကုမ္ပဏီတခုတည်း သို့မဟုတ် လူတယောက်တည်းကသာ ထိန်းချုပ် ရောင်းချနေခြင်းကို ခေါ်ဆိုတာလို့ ပြောပါတယ်။

ဦးအေးချမ်း အနေနဲ့ အဲဒီလို လွှတ်တော်တွင်းနဲ့ အများရှေ့မှာ ဘဏ်တွေကို နှိုင်းယှဉ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့ဘဏ္ဍာရေးကဏ္ဍမှာ ထိပ်တန်းဘဏ်ကြီးများ (KBZ, AYA, CB) နဲ့ တခြား အလတ်စား/ဘဏ်ငယ်တွေအကြား အများပြည်သူရဲ့ အပ်နှံလိုစိတ် (Public Confidence) ကွာဟချက်ကို ပိုမိုထင်ရှားစေနိုင်တဲ့အပြင် ကျန်ဘဏ်တွေအတွက် ငွေကြေးလည်ပတ်မှုနဲ့ အပ်ငွေစုဆောင်းမှုပိုင်းမှာ ဖိအားတွေ ရှိလာနိုင်တယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ လေ့လာနေသူတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် တခြားဘဏ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုအပေါ်ကိုလည်း ဆက်လက် အားစိုက်ထုတ်ရမဲ့ အနေအထားမျိုး ဖန်တီးပေးသလို ဖြစ်စေနိုင်တယ်လို့ပါ ဆက်ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ နိုင်ငံမှာ ဘဏ်ကြီး ၇ ဘဏ်၊ ဘဏ်လတ် ၅ ဘဏ်နဲ့ ဘဏ်သေး ၁၅ ခု၊ စုစုပေါင်း ၂၇ ဘဏ်ရှိတာမှာ စစ်အစိုးရနဲ့ ဦးသိန်းစိန်လက်ထက်မှာ ခွင့်ပြုမိန့်ထုတ်ပေးခဲ့တဲ့ ဘဏ်အရေအတွက်က ၂၃ ဘဏ်အထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013