
လူလုပ်ဘေးနဲ့ အကြမ်းဖက်ဘေးသင့် ယာယီနေရပ်စွန့်ခွာသူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ပေးနေတာကို တွေ့နေရပေမဲ့ ဒါထက် ပိုမိုလေးနက်တဲ့ တာဝန်ရှိမှု ရှိနေတယ်လို့ ကြံ့ခိုင်ရေးပါတီက ဘားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ပြောပါတယ်။
ယာယီနေရပ်စွန့်ခွာသူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေး ပိုမိုထိရောက်အောင် ဘယ်လိုအစီအမံတွေ ရှိသလဲ သိရှိလိုကြောင်း ဘားအံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက စက်တင်ဘာ ၂၃ ရက် စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အစိုးရက ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးခဲ့တာတွေအတွက် တာဝန်သိစိတ်၊ တာဝန်ခံစိတ်၊ တာဝန်ယူစိတ်နဲ့ လျော်ကြေးပေးသင့်တယ် ဆိုတာကို သိစေလိုတယ်လို့ ဆိုပါတယ်။
ဦးသက်နိုင်ဦးက “လက်ရှိကိန်းဂဏန်းတွေအရ ယာယီနေရပ်စွန့်ခွာသူ ၆၀၇,၆၀၉ ယောက် ဖြစ်ပါတယ်။ အိမ်ထောင်စု အရွယ်အစားနဲ့တွက်ရင် အိမ်ထောင်စုပေါင်း ၁၅၉,၀၀၀ ကျော် ဖြစ်ပါတယ်။ အိမ်ထောင်စုတခုကို ဥပမာအားဖြင့် ကျပ်သိန်း ၅၀ လျော်ကြေးပေးမယ်ဆိုရင်တော့ နိုင်ငံတော်က ဘီလီယံ ၈၀၀ ကုန်ကျပါမယ်။ ဒီတွက်ချက်မှုဟာ လူဦးရေပေါ် အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ မြေပြင်မှာဖြစ်တဲ့ အခြေအနေတွေအပေါ်မှာ အခြေခံရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ မှာ နိုင်ငံတော်က သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ တိတိကျကျ ပြဋ္ဌာန်းထားပေမဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါက ဘာကိုညွှန်းသလဲဆိုရင် ဒီနိုင်ငံမှာ လူက သစ်ပင်တပင်လောက် တန်ဖိုးထားမခံရ၊ စာဖွဲ့မခံရဘူး ဆိုတဲ့ အနက်အဓိပ္ပာယ်အထိကို ရောက်သွားတယ် ဆိုတာကို သတိပြုကြဖို့ ဖြစ်ပါတယ်လို့ ဦးသက်နိုင်ဦးက ပြောပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၁ မှာ တိုင်းတပါးက ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊ ဆူပူသောင်းကျန်းမှုတွေ ဖြစ်နေချိန်နဲ့ အရေးပေါ်အခြေအနေ ဖြစ်နေချိန်တွေကလွဲပြီး နိုင်ငံသားတွေရဲ့ တရားဝင်ရပိုင်ခွင့်ရှိတဲ့ နစ်နာမှုတွေအတွက် ဥပဒေအဖြစ် သတ်မှတ်ထားတဲ့ ရယူပိုင်ခွင့်တွေကို ငြင်းပယ်ခြင်း မပြုရလို့လည်း ပြဋ္ဌာန်းထားတာကြောင့် အကြမ်းဖက်ဘေး၊ လူလုပ်ဘေးတွေကြောင့် ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေဟာ ဘယ်သူ့မှာမှ တာဝန်မရှိ၊ ဘယ်သူကမှ တာဝန်ခံစရာ မလိုဘူး လို့ အဖြေထွက်ပေမဲ့ အစိုးရမှာ ပိုမိုလေးနက်တဲ့ တာဝန်ရှိမှု ရှိနေတယ်လို့ ဆိုပါတယ်။
ဒီ ယာယီနေရပ်စွန့်ခွာသူတွေ ကြုံနေရတဲ့ဘေးဟာ အကြမ်းဖက်ဘေး၊ လူလုပ်ဘေး ဖြစ်ပါတယ်။ သဘာဝဘေးဒဏ် မဟုတ်ပါဘူး။ ဘယ်နိုင်ငံ၊ ဘယ်အစိုးရမှ မိမိနိုင်ငံ၊ မိမိပြည်သူတွေကို သဘာဝဘေးဒဏ်တွေကနေ အပြည့်အဝ အကာအကွယ်မပေးနိုင်ကြတာ မှန်ပေမဲ့ အကြမ်းဖက်ဘေး၊ လူလုပ်ဘေးနဲ့ ပတ်သက်ရင်တော့ ပြည်သူတွေ ဒီလိုမခံစားရအောင် နိုင်ငံတော်မှာ တာဝန်ရှိတယ်လို့ ရိုးရိုးသားသား နားလည်ပါတယ်လို့လည်း ဦးသက်နိုင်ဦးက ပြောပါတယ်။
ဦးသက်နိုင်ဦးရဲ့ ပြောဆိုအကြံပြုချက်အတွေအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ယာယီနေရပ်စွန့်ခွာသူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ တယောက်ကို တလ၊ ကျပ် ၂၀,၀၀၀ နှုန်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စုစုပေါင်း ငွေကျပ် ၁၄၄ ဒသမ ၃၅၈ ဘီလီယံ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယာယီနေရပ်စွန့်ခွာသူတွေအနေနဲ့ ရောက်ရာဒေသတွေမှာ တတ်ကျွမ်းတဲ့ အလုပ်တွေနဲ့ နေ့စဉ် အသက်မွေးဝမ်းကျောင်းပြုတာ၊ အစိုးရနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ပံ့ပိုးပေးတာတွေနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ဖို့ကိုပဲ ဖြေကြားခဲ့ပါတယ်။
လက်တွေ့မှာတော့ စစ်အာဏာရှင်အစိုးရဟာ စစ်ဘေးရှောင်တွေကို ကူညီပေးတာမရှိတဲ့အပြင် စစ်ဘေးရှောင် စခန်းတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။










