
၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်မှာ ပြုလုပ်မဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ပရောက် မဲဆန္ဒရှင်တွေ မဲပေးဖို့ ပုံစံ ၁၅ ထုတ်ယူရမဲ့ နေ့ရက်နဲ့ ပုံစံ ၁၅ ကို ဖြည့်သွင်းပြီး သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမဲ့ ရက်တွေကို စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန် ပါတယ်။
ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ ၁၅ တွေကို သက်ဆိုင်ရာသံရုံးတွေမှာ နိုဝင်ဘာ ၁၁ ရက်က စတင်ပြီး ထုတ်ယူနိုင်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာသံရုံး ဝက်ဘ်ဆိုက်တွေကနေလည်း Download ရယူနိုင်တယ်လို့ ဆိုပါတယ်။
အချက်အလက်ဖြည့်သွင်းပြီး ပုံစံ ၁၅ တွေကိုတော့ နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂ အတွင်း သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမှာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က နယ်မြေမထိန်းချုပ်နိုင်လို့ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ နယ်မြေတွေနဲ့ ကိုယ်စားလှယ်လစ်လပ်သွားတဲ့ နယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ဧပြီလ ၄ ရက်မှာ ကျင်းပမယ်လို့ စစ်အာဏာရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
လစ်လပ်မဲဆန္ဒနယ်တွေအနေနဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၅ နေရာနဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ် ၁၆ နေရာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမဲ့ ဒေသတွေထဲမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်က မြို့နယ်တချို့ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ဒီနှစ် ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့တာမှာ အတုအယောင်ရွေးကောက်အဖြစ် ပြည်တွင်းပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက်ရှုတ်ချ အသိအမှတ်မပြုခဲ့ကြပါဘူး။
စစ်အာဏာရှင်တပ်က ပြည်သူတွေကို ခြိမ်းခြောက်မဲပေးခိုင်းတာတွေ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချတာတွေလည်း လုပ်ခဲ့ပါတယ်။











