
တိုက်ပွဲတခု အောင်မြင်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တင် ပူးပေါင်းဆောင်ရွက်လို့ မရဘဲ ပြည်သူပါမှသာ စစ်နိုင်မယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက နို၀င်ဘာ ၂ ရက်က ကျင်းပတဲ့ စစ်အာဏာရှင် ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့ ယာယီ နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်လည်နေထိုင်ရေးနဲ့ ကျောက်ကြီး-နတ်သံကွင်း-ပဲနွယ်ကုန်းလမ်း အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ခန့် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက “တိုက်ပွဲတခု အောင်မြင်ဖို့ဆိုတာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ချည်းပဲ ပူးပေါင်းဆောင်ရွက်လို့ မရပါဘူး။ ပြည်သူတွေ ပါမှသာ စစ်ပွဲနိုင်မှာပါ။ နယ်မြေတည်ငြိမ်အေးချမ်းလာမှ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်လို့ ရမှာပါ” လို့ ဖြေပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့တွေမှာ ယာယီနေရပ်စွန့်ခွာသူ ၁ သိန်းကျော်ရှိပြီး နယ်မြေမတည်ငြိမ်မှုကြောင့် ၃ နှစ်ကျော်ကြာ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲစတင်ခဲ့ပါတယ်။
စိုးမိုးနယ်မြေ ဆုံးရှုံးသွားတဲ့ စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ အများအပြား သေဆုံးခဲ့ပြီး ဘုရားကျောင်းကန် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ အထိ နောက်ဆုံးထုတ်ပြန်ချက်စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ဦးရေသည် ၄ သန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်အာဏာရှင်လက်အောက် စီးပွားရေးပြိုလဲမှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် မြန်မာပြည်သူတွေ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။











