DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ကုန်စည်တင်ယာဉ် ၃၀ ခန့် ဖမ်းဆီးခံရ
အောင်ခန့်
·
September 30, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ တရားမဝင် သယ်ယူပို့ဆောင်နေတဲ့ ထိုင်းကုန်စည်တင်ယာဉ် အစီး ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့  မြို့မိမြို့ဖတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စက်တင်ဘာ တတိယပတ်က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဇာသပြင် (အတ္ထရံ) တံတားမှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ပိုင် လူနာတင်ယာဉ်နဲ့ Light Truck ယာဉ်တစီးပေါ်ကနေ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ဘားအံမြို့အဝင် မြို့အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

ဒါ့အပြင် ထိုင်းကုန်စည်တွေကို တရားမဝင် တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်အစီး ၃၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

မြို့မိမြို့ဖတယောက်က “ အားလုံး အစီး ၃၀ လောက်တော့ ရှိနေပြီ ၆ ဘီးတွေက။ တပ်နဲ့ ရဲပဲ ထွက်ဖမ်းတာ။ တောလမ်းက ဆင်းလာတဲ့ယာဉ်တွေ။ တရားမဝင် ကန့်သတ်ပစ္စည်းပါလာလို့ ဖမ်းတာ၊ အဲပုံစံမျိုး။ အခု လောလောဆယ်ကတော့ သီရိကွင်းမှာပဲ။ ဒုံစင်ဘေးမှာ တန်းစီနေရော။ (ဘာဆက်လုပ်မလဲဆိုတာ) လောလောဆယ်တော့ ဘာမှတော့ မကြားမိသေးဘူး။ ဖမ်းတာတော့ ဖမ်းထားလိုက်ပြီ။ ဘာမှ လုပ်လို့မရဘူး။ အဓိက ကတော့ မြဝတီနဲ့ ဘားအံကြားကတော့ ကုန်နဲ့ပတ်သက်ရင်  လှုပ်လို့မရဘူး။ နောက်တခုက အမြဲတမ်း ဒရုန်းတွေနဲ့ လိုက်ပြီးတော့ ထောက်လှမ်းတာ။ ထောက်လှမ်းပြီးမှ ဝုန်းဆိုပြီး သွားဖမ်းတာ၊ အဲလိုမျိုးတွေ” လို့ ပြောပါတယ်။

ဒါ့အပြင် တရားမဝင် ထိုင်းကုန်စည်တွေကို မြဝတီ-ထို့ကော်ကိုး-ထီလုံ လမ်းကြောင်းအတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က ကုန်စည်သယ်ယူပို့ဆောင်နေတဲ့အတွက် ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ကရင်ပြည်နယ်မှာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ များတယ်။ အထူးသဖြင့်က DKBA တို့ PC တို့ BGF တို့က ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွေ လုပ်တယ်။ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ အဖမ်းခံရတာတွေ ရှိတယ်။ ဌာနဆိုင်ရာအလိုက် တပ်ဖွဲ့တွေ လာညှိနှိုင်းတဲ့အခါကျတော့ ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး။ ကရင်ပြည်နယ် နယ်လုံကလည်း ဖြေလျှော့ပေးတာ မရှိဘူး။ ပြန်လွှတ်ပေးတာ မရှိဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကုန်သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ ကားထဲ လက်နက်တွေပါတယ်။ အဲဒီပါတဲ့ လက်နက်တွေကို သိမ်းဆည်းတယ်။ လူကိုလည်း ဖမ်းတယ်။ လက်ရှိ တည်ဆဲဥပဒေအရ အပြစ်ပေး အရေးယူတယ်။ ထောင်ချတယ် ဆိုတာမျိုးတွေကို စကမဘက်က အကောင်အထည်ဖော် လုပ်ဆောင်နေတယ် ဆိုတာကို မြင်တွေ့နေရတယ်။”

ဘားအံမြို့မှာ ထိုင်းကုန်စည်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ဆီ ၅ လီတာဘူးဟာ အရင် ကျပ် ၃၃,၅၀၀ ကနေ အခု ၃၈,၀၀၀ ကျပ်၊  နက်စ်ကော်ဖီ တပုလင်း အရင်ကျပ် ၃၃,၀၀၀ ကနေ အခု ၃၈,၀၀၀ ကျပ်အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

မြို့ခံတယောက်က “ဘားအံမြို့ပေါ်မှာ ထိုင်းကုန်စည်တင်ယာဉ်တွေကို ဖမ်းဆီးတဲ့အတွက် ကုန်ဈေးနှုန်းတွေက တနေ့တခြား ပိုမိုမြင့်တက်လာတယ်။ ထိုင်းကုန်စည်တွေကို သုံးစွဲနေရတဲ့ ဘားအံမြို့မှာဆိုရင် အိမ်ရှင်မတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့အတွက် အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင် ကြုံတွေ့နေရတာပေါ့။ အခုလိုမျိုး ဘားအံမြို့ပေါ်မှာ ကားတွေကော ဆိုင်ကယ်တွေကော တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတဲ့အတွက် လူတွေက သွားရေးလာရေး တနေ့တခြား အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

ဧပြီ ၂ ရက်က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းကို စစ်အာဏာရှင်ဘက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမဲ့ မြဝတီအမှတ် ၂ တံတားကနေ ထိုင်းနိုင်ငံကို စိုက်ပျိုးရေးထုတ်ကုန်ဖြစ်တဲ့ ပြောင်း၊ ငရုတ်နဲ့ ကြက်သွန်နီတွေကို ကန့်သတ်ချက်တွေနဲ့ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013