
ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးစက်မှုဇုန်၊ ဘိုးဘွားရိပ်သာလမ်းမှာ အောက်တိုဘာ ၃၀ ရက် မနက် ၆ နာရီခွဲလောက်က ရာဘာမှိုင်းခံစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ ရာဘာမှိုင်းခံတဲ့ မီးအပူရှိန်ကတဆင့် ရာဘာပြားတွေ မီးကူးဆက်ပြီး အဆောက်အဦတလုံး ၇၀ ရာခိုင်နှုန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လူမှုကယ်ဆယ်ရေးအသင်းဝင်တယောက်က “ရာဘာရုံ မီးလောင်မှုက ဆုံးရှုံးမှုများတယ်။ လမ်းကြမ်းတော့ ခက်ခက်ခဲခဲလေဝင်ပြီး မီးငြှိမ်းသတ်ခဲ့ရတာ။ တမြို့လုံးက ရေဘောက်ဆာကားတွေ ထွက်ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်ကလည်း လှိုင်းဘွဲမြို့၊ (ခ) ရပ်ကွက် အာဇာနည်လမ်းမှာ လူမရှိတဲ့ နေအိမ်ကတဆင့် မီးကူးဆက် လောင်ကျွမ်းခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
လူမနေတဲ့အိမ်ကနေ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးလောင်ရတဲ့ အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနနဲ့ တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။











