
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ် အပါအဝင် သောင်ရင်းမြစ်ကမ်းတလျှောက်က အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ဘားအံမြို့ပေါ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို နှိမ်နင်းဖို့ အမေရိကန်တရားရေးဌာနက FBI နဲ့ ပူးပေါင်းပြီး အထူးတပ်ဖွဲ့တခုလည်း ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရွှေကုက္ကိုမြို့သစ် အပါအဝင် သောင်ရင်းမြစ်ကမ်းတလျှောက်က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေဟာ မြဝတီမြို့၊ ဘုရားသုံးဆူမြို့နဲ့ ဘားအံမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်တာ၊ နေရာရွှေ့ပြောင်းခဲ့ပါတယ်။
အဲဒီထဲက တရုတ်နိုင်ငံသားတချို့ဟာ ဘားအံမြို့မှာ လက်နက်ကိုင်တွေရဲ့ အကာအကွယ်ကိုယူပြီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ ဟိုတယ်နဲ့ နေအိမ်တွေကို ငှားရမ်း ပုန်းခိုခဲ့ပြီးနောက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာပါ။
တက်ကြွလှုပ်ရှားသူတယောက်က “အခုလုပ်နေတာက တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တွေ စိုးမိုးတဲ့နယ်မြေမှာပဲ မဟုတ်ဘဲနဲ့ အခုဆိုရင် ဘားအံမြို့ပေါ်မှာလည်း ရှိတယ်လေ။ အခု ဘားအံမြို့ပေါ်မှာ လဝကတို့၊ ရဲတို့၊ စစ်တပ်တို့ အရာရှိပိုင်းတွေ ပေါင်းပြီးတော့မှ မသိကျိုးကျွံပြုပြီးတော့မှ အိမ်တွေငှားတယ်၊ သူတို့ကိုယ်တိုင်က လိုက်ငှားပေးတယ်။ ပြီးရင် မှတ်ပုံတင်တွေ ရိုက်ပေးတယ်။ သူတို့ ထုတ်ပေးတယ်။ ပြီးရင် တလကို ဘယ်လောက် ဘယ်လောက်ဆိုပြီး ယူပြီးတော့မှ မျှဝေပြီးတော့မှ မသိချင်အောင် ဟန်ဆောင်ပေးထားတာတွေ အများကြီးရှိတယ်။ ဘားအံမှာ တချို့ဟိုတယ်တွေ ဆိုလို့ရှိရင် တရုတ်တွေ ဝင်ထွက်နေတာတွေ ရှိတယ်။ တချို့နေရာတွေ ဆိုလို့ရှိရင်လည်းပဲ ကျေးရွာတွေအတွင်းမှာ အိမ်ခြံမြေတွေ နာမည်ခံနဲ့ ဝယ်ပေးတယ်။ ဝယ်ပေးပြီးတော့မှ သူတို့လုပ်နေတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ထန်းချုပ်နယ်မြေတွေမှာ လက်မခံဘူးလို့ ပြောဆိုထားပေမဲ့ ဒီကနေ့အထိ ဆက်လက် လုပ်ကိုင်နေတာတွေ ရှိပါတယ်။
လက်ရှိ ဘားအံမြို့ပေါ်အထိ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ရောက်ရှိလာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။
“ဘားအံမှာ တရုတ်တွေတော့ ရှိတယ်၊ ရပ်ကွက် အစွန်အဖျားတွေမှာ။ တော်တော်များများတော့ ရှိတယ်။ အခုနောက်ပိုင်း တွေ့ရတယ်၊ အရင်က လုံးဝမတွေ့ရဘူး၊ ရှင်းရှင်းလင်းလင်းပဲ။ အခုတော့ ကြိုးကြားကြိုးကြားလေးတွေ တွေ့နေရတယ်။ ဘယ်မှာတည်းလဲ ဘယ်မှာနေလဲ မသိဘူး။ (ကျားဖြန့်လုပ်ကိုင်ရင် ကရင်ပြည်နယ်) သိက္ခာပိုင်း ထိခိုက်တာပေါ့။ နောက်တခုက လူငယ်တွေ ပျက်စီးလာတာတွေ ဖြစ်လာတော့မယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိတော့။ နောက်တခုကလည်း စစ်မှုထမ်းကိစ္စကလည်း ရှုပ်နေတယ်။ ကောင်းကျိုးတခုမှ မရှိဘူး။ တည့်တည့်ပြောရရင် ဆိုးကျိုးကြီးပဲ။ (အရေးယူဖို့) လိုအပ်တာပေါ့။ ဒီဘက်ထိရောက်လာရင် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ဘားအံက ပြည်နယ်ရဲ့မြို့တော် ဖြစ်တယ်။ နယ်စပ်မှာ နာမည်ပျက်ခဲ့ပြီးပြီ။ သူတို့ အများကြီး ဖုံးဖိထားခဲ့တာပဲ။”
ဘားအံမြို့ပေါ်မှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိ တိုင်ကြားလိုပေမဲ့ သတင်းပေးတွေကတဆင့် ဖမ်းဆီးခြိမ်းခြောက်တာတွေကြောင့် မပြောရဲဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
တက်ကြွလှုပ်ရှားသူတယောက်က “နောက်တခုက ဆိုးတာက ပြည်သူတွေက သိသော်လည်း အခုနောက်ပိုင်း မပြောရဲဘူး။ မပြောရဲဘူး ဆိုတာက စကမတွေဘက် ရဲတွေဘက်က Informer (သတင်းပေး) တွေ မွေးတယ်၊ ထားတယ်။ ထားပြီးတော့မှ အဲဒီသတင်းပေး သတင်းယူတဲ့သူတွေကို follow up (နောက်ဆက်တွဲ) လိုက်လံ စောင့်ကြပ်ကြည့်ရှုပြီးတော့မှ သူတို့ ယုံမှားသံသယ ရှိတဲ့သူတွေ၊ မသင်္ကာတဲ့လူတွေ ဖမ်းဆီးစစ်ဆေးတာတွေ ခြိမ်းခြောက်တာတွေ ဒါမျိုးတွေ ဖြစ်နေတာတွေ မြေပြင်မှာ အများကြီးရှိတယ်။ သို့သော် ဒီသတင်းက အပေါ်တက်မလာဘူး။ လူတွေလည်း မပြောရဲဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ခြံဝန်းအတွင်း အဓမ္မခိုင်းစေခံထားရတဲ့ ဂျပန်နိုင်ငံသား ၂ ယောက်ကို ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူတွေက ကယ်ထုတ်ခဲ့ရပါတယ်။
Photo : DVB











