
ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းဖို့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ညပိုင်း အပြင်ထွက်သူ နည်းပါးသွားပေမဲ့ ခိုးမှုတွေ ပိုမိုများပြားလာတာဟာ တရားဥပဒေစိုးမိုးမှု နည်းပါးနေတာကြောင့် ဖြစ်တယ်လို့ မြိုခံတွေက ပြောပါတယ်။
အခုရက်ပိုင်း ဘားအံမြို့မှာ စစ်မှုထမ်းအပတ်စဉ်အလိုက် လူဦးရေပြည့်မီရေး စစ်တပ်က လူသစ်စုဆောင်းတာ၊ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်နေတာကြောင့် ည ၈ နာရီ နောက်ပိုင်း အပြင်ထွက်သွားလာသူ မရှိတော့ပေမဲ့ ခိုးမှုတွေ ပိုမိုများပြားလာပါတယ်။
မြို့ခံတယောက်က “သူခိုးတွေကလည်း တနေ့တခြား ပိုမိုပေါများလာတယ်။ စီးပွားရေးတွေက အဆင်မပြေ၊ စားဝတ်နေရေးတွေက မပြေတော့ ခိုးဆိုးတဲ့လူတွေက ပိုသောင်းကျန်းလာတာပေါ့။ ညရောင်းတဲ့ ဈေးဆိုင်တွေလည်း အခုဆို အစောကြီးသိမ်းရတယ်၊ သွားလာတဲ့လူတွေ မရှိလို့။ လူတွေက လွတ်လွတ်လပ်လပ်သာ သွားလာမှုမရှိတာ၊ သူခိုးတွေက ပိုမိုသောင်းကျန်းလာတယ်။ သောင်းကျန်းလာတဲ့ သူခိုးတွေကိုလည်း သူတို့(လုံခြုံရေးအဖွဲ့)တွေက ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အပြင် ပြည်သူတွေက အေးအေးချမ်းချမ်းနဲ့ အိပ်စက်ခွင့် အနားယူခွင့် မရှိတော့ဘူး။ စိုးရိမ်ထိတ်လန့်စွာနဲ့ပဲ သူခိုးကို စိုးရိမ်နေရတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်က ဘားအံ-မော်လမြိုင် လမ်းပေါ်က ကော့ကျိုက်ကျေးရွာ မီးပွိုင့်နားမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ ဟန်ဆောင်ပြီး ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒ့ါအပြင် ဖမ်းဆီးခံရတဲ့ TOYOTA VIGO ယာဉ်တစီးနဲ့ Honda Fit GE6 ယာဉ်တစီးကို ယူဆောင်သွားခဲ့တယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
လက်ရှိမှာ ဘားအံမြို့အပြင် ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့တွေမှာ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဟာ ကရင်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ အရေးယူမှုတွေ နည်းပါးနေတဲ့ အတွက်ကြောင့်လို့ လေ့လာစောင့်ကြည့်သူတယောက်က ပြောပါတယ်။
“လက်ရှိကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာပဲ မဟုတ်ဘူး၊ မြို့နယ် ၄ ခု ၅ ခုလောက်က အကုန်လုံးက ခိုးဆိုးလုနှိုက်တွေ ပိုဆိုးလာတယ် ဆိုတာကတော့ တွေ့မြင်နေရတယ်၊ ကြားသိနေရတယ်။ ပေါ်တာဖမ်းတာ၊ စစ်မှုထမ်းဖမ်းတာနဲ့ ပတ်သက်ပြီးတော့မှ လူတွေက အပြင်မထွက်နိုင်ဘူး။ တချို့စီးပွားရေးသမားတွေဆိုရင် တနေကုန် သော့ပိတ်ထားရတဲ့ဆိုင်တွေ ပိတ်ထားတယ်။ ပိတ်ထားတဲ့အခါကျတော့ အဲဒီဆိုင်တွေ အဖောက်ခံရတယ်၊ သူခိုး ခိုးခံရတယ်။ ပုံစံအမျိုးမျိုးနဲ့။ လက်ရှိ ကရင်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှုက မရှိသလို တာဝန်ယူ အရေးယူမှုကလည်း မရှိသလောက် နည်းပါးနေတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါကျတော့ ဒီပစ္စည်းပျောက်ဆုံးမှုတွေ အခိုးခံရမှုတွေ ဖောက်ထွင်းမှုတွေ လုယက်မှုတွေ ပတ်သက်ပြီးတော့မှ ပိုးဆိုးလာဖို့ အခြေအနေ ရှိတယ်လို့ ကျနော်တို့ကတော့ ယေဘုယျ သုံးသပ်တယ်။”
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းတိုင်း စတဲ့ဒေသက အခြေခံလူတန်းစား အများစုဟာ ဘားအံမြို့ ကို လာရောက်ပြီး လုပ်ငန်းခွင်မျိုးစုံမှာ အလုပ်လုပ်ကိုင်နေပါတယ်။
ဘားအံမြို့မှာ စစ်မှုထမ်းတပ်သားသစ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ တနေ့တခြား ပိုဆိုးဝါးလာတဲ့အတွက် အခြေခံလူတန်းစားတွေဟာ အပြင်ထွက် အလုပ်လုပ်ကိုင်ဖို့ မလုံခြုံတော့တဲ့အတွက် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။










