
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ဗန်းမက်ဒေသက ရွာသားတွေဟာ စစ်ကောင်စီလက်အောက်ခံ PNO ပအိုးဝ်ပြည်သူ့စစ်အတွက် နေ့တိုင်း ထမင်းထုပ် ၁,၀၀၀ လောက် ချက်ပြီး ပို့ပေးနေရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထမင်းထုပ်တွေကို ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ရွာထဲက အိမ်ထောင်စုတိုင်းကို တာဝန်ခွဲပေးထားပြီး နေ့တိုင်း စုပေါင်းချက်ပြီး ပို့ရတာပါ။
ဒေသခံတယောက်က “နေ့တိုင်း ဒီလောက်များတဲ့ ထမင်းထုပ်ကို ချက်ပေးနေရတော့ ကိုယ်တို့ စားဖို့တောင် မလောက်တော့ဘူး။ ကြာလာတာနဲ့ ပိုခက်လာတယ်။ ဒါက အလှူမဟုတ်ဘူး၊ တာဝန်လို ခိုင်းထားတာ။ မလုပ်ပေးလို့လည်း မရဘူး၊ အခုဆို တချို့အိမ်တွေ ဆန်မလုံလောက်တော့ဘူး” လို့ ပြောပါတယ်။
နေ့တိုင်း ထမင်းထုပ် ပို့ပေးနေရတာကြောင့် လယ်ယာအလုပ်တွေ၊ ဝင်ငွေရတဲ့ အလုပ်တွေ မလုပ်နိုင်တော့ဘဲ မိသားစုအသက်မွေးဝမ်းကျောင်းကို ထိခိုက်လာနေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ထမင်းထုပ်ပို့ဖို့ ဆန်၊ ဟင်းဖိုး အကုန်လုံးကို ကိုယ်တို့ပဲ ထုတ်နေရတယ်။ တချို့အိမ်တွေဆို ဆန်မရှိလို့ ချေးပြီးတောင် ချက်ပေးနေရတယ်။ ကိုယ့်အိမ်က စားဖို့ထက် သူတို့ကို အရင်ပို့ရတာ ဖြစ်နေတယ်။ နေ့တိုင်း ဒီတာဝန်ကြောင့် အလုပ်မထွက်နိုင်တော့ဘူး၊ ငွေကလည်း မဝင်ဘဲ ကုန်ကျစရိတ်ပဲ တက်နေတယ်” လို့ ပြောပါတယ်။
ဒေသခံတွေက ဒီတာဝန်ကို မလိုက်နာရင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ PDF ကို အားပေးတယ်ဆိုပြီး စွပ်စွဲခံရနိုင်တာကြောင့် ကြောက်ပြီး ဆက်လုပ်နေရတယ်လို့လည်း ဆိုပါတယ်။
ဗန်းမက်ဒေသက ယခင် PNLA ဌာနချုပ် အခြေစိုက်နေရာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး PNO ပြည်သူ့စစ်က ထိုးစစ်ဆင်ကာ ဝင်ရောက်ထိန်းချုပ်လာတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။










