
ဂါဇာမှာ အဆောက်အအုံပြိုကျလို့ ကလေး ၁၁ ယောက် အပါအဝင် လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
စစ်ပွဲကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံမှာ လူနေထိုင်ရာကနေ ပြိုကျပြီး လူသေဆုံးမှု ဖြစ်ခဲ့တာလို့ ဆေးအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အယ်ဆာဒါမှာရှိတဲ့ ၆ ထပ်တိုက်ဟာ ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့တာဖြစ်ပြီး အဲဒီတိုက်မှာ လူ ၁၀၀ ဝန်းကျင် နေထိုင်ခဲ့ကြတာပါ။
အဆောက်အအုံ ပြိုကျမှုမှာ လူ ၄၅ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၁၆ နာရီကြာ ကယ်ဆယ်ရေး လုပ်ခဲ့ရကာ လူ ၂၁ ယောက်ရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ခဲ့တာ ဖြစ်ပါတယ်။
တခြား လူ ၃၅ ယောက်လည်း တိုက်ပြိုကျမှုကနေ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ အခုပြိုကျခဲ့တဲ့ အဆောက်အအုံနေရာဟာ ၂၀၂၄ ခုနှစ်က အစ္စရေးတွေ စစ်ပွဲစတင်ချိန်က ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့နေရာ ဖြစ်ပါတယ်။
ဂါဇာမှာ ပျက်စီးနေတဲ့ အဆောက်အအုံ ၂,၀၀၀ လောက်မှာ နေထိုင်တဲ့ လူ သောင်းချီရှိတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP အကြီးအကဲ အလက်ဆန်ဒရိုမရာဥစ်က ဂါဇာမှာ စစ်ပွဲကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံပေါင်း ၄၀၀ ခန့်ရှိတယ်လို့ သတိပေးထားပါတယ်။
အဲဒီအဆောက်အအုံတွေဟာ ဆောင်းရာသီ ဝင်ရောက်လာချိန်မှာ ပြိုကျမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။
ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာမှာရှိတဲ့ အဆောက်အအုံ ၈၀ ရာခိုင်နှုန်းဟာ ပျက်စီးပြိုကျမှုတွေ ဖြစ်နေသလို ဖျက်ဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။
ဂါဇာမှာရှိတဲ့ လူ ၁ ဒသမ ၉ သန်းကျော်ဟာ နေရပ်စွန့်ခွာနေရပြီး ၁ ဒသမ ၂ သန်းဟာ တဲထိုးပြီး နေထိုင်နေရပါတယ်။
ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ လူပေါင်း ၁,၂၀၀ ကို သတ်ပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် အစ္စရေးရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်ခဲ့ရကာ လူပေါင်း ၇၃,၇၉၀ သေဆုံးခဲ့ပါတယ်။
Source: Reuters











