
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရပြီး မိသားစု ထောင်ပေါင်းများစွာလည်း နေအိမ်နဲ့ ပိုင်ဆိုင်သမျှ ဆုံးရှုံးခဲ့ရတဲ့အတွက် ဂါဇာဒေသကို အကူအညီတွေ ဝင်ရောက်ခွင့်အပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂက နိုဝင်ဘာ ၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ရေလွှမ်းမိုးမှုအတွင်း မွေးကင်းစကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့ရသလို သဲတောင်ကုန်းတခု ပြိုကျလာပြီး တဲတွေပေါ် ပိမိသွားတာကြောင့် ကလေးငယ် ၃ ယောက်နဲ့ အမျိုးသမီး အနည်းဆုံး တယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ ရေစုပ်ထုတ်တာ၊ ရေစီးရေလာကောင်းအောင် လုပ်တာနဲ့ အရေးပေါ် ထောက်ပံ့ပစ္စည်းတွေ ဖြန့်ဝေပေးတာတွေကို လုပ်ဆောင်နေကြပေမဲ့ လိုအပ်တဲ့ စက်ကိရိယာတွေနဲ့ အမိုးအကာပစ္စည်းတွေ မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရဆဲလို့ သူက ဆိုပါတယ်။
ဂါဇာဒေသကို နေအိမ်အမိုးအကာတွေ လုံလုံလောက်လောက် ရောက်ရှိလာဖို့ အစ္စရေးဘက်က ကြိုးပမ်းအားထုတ်မှုတွေဟာ လုံလောက်မှု မရှိသေးဘူးဆိုတဲ့ သုံးသပ်ချက်ကိုလည်း ဟက်က လက်ခံပြောကြားခဲ့ပါတယ်။
“အဲဒီပစ္စည်းတွေကို စစ်ဆေးရေးဂိတ် အမျိုးမျိုးကနေတဆင့် ဂါဇာဒေသတွင်းကို သယ်ဆောင်ခွင့် ပြုဖို့အတွက် အစ္စရေးအာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ပဲ လိုအပ်နေပါတယ်” လို့ သူက ပြောဆိုလိုက်ပြီး ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ရေစုပ်စက်တွေ၊ စက်ယန္တရားကြီးတွေ၊ တဲတွေ၊ စောင်တွေနဲ့ ဆောင်းရာသီ အဝတ်အထည်တွေ ပေးပို့ရာမှာ အဟန့်အတားဖြစ်စေတဲ့ မလိုအပ်တဲ့ ကန့်သတ်ချက်တွေနဲ့ နှောင့်နှေးကြန့်ကြာမှုတွေကို အရေးတကြီး ဖယ်ရှားပေးဖို့ အထူးညှိနှိုင်းရေးမှူး ဒုတိယတာဝန်ခံ ရာမီဇ် အလာ့ခ်ဘာရော့ဗ်က တောင်းဆိုလိုက်ပါတယ်။
Source: Reuters











