လူမျိုးတုံးသတ်ဖြတ်မှုတရားခံမြန်မာစစ်အာဏာရှင်နှင့် ဆက်ဆံနေသည့် အမေရိကန်အစိုးရကို မေးခွန်းထုတ်

လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်ကို ဒီမိုကရက်ပါတီထိပ်တန်းခေါင်းဆောင်က ဝေဖန်မေးခွန်း ထုတ်လိုက် ပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချပြီးနောက် သမ္မတထရမ့်ပ် အစိုးရရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဒီမိုကရက်ပါတီထိပ်တန်းခေါင်းဆောင် ဂရီဂိုရီ ဒဗလျူမိခ်စ်က နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်တာပါ။
ဥပဒေပညာကျွမ်းကျင်သူ ဂရီဂိုရီ ဒဗလျူ မိခ်စ်ဟာ ဒီမိုကရက်ပါတီထိပ်တန်းခေါင်းဆောင်ဖြစ်သလို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ကာလရှည်တာဝန်ထမ်းဆောင်နေတဲ့ ဝါရင့်အမတ် ဖြစ်ပါတယ်။
ICJ ရဲ့စီရင်ချက်ဟာ ၂၀၂၂ ခုနှစ်တုန်းက အမေရိကန်အစိုးရ သတ်မှတ်ခဲ့တဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ချက်ကို ထပ်ဆောင်း အတည်ပြုပေးလိုက်တာဖြစ်ပြီး အမေရိကန်အစိုးရအဆက်ဆက်က ဒီသတ်မှတ်ချက်ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ မိခ်စ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူ့အခွင့်အရေးနဲ့အညီတာဝန်ခံမှုကို ဘေးဖယ်ပြီး သံတမန်ရေးအရထိတွေ့ဆက်ဆံမှုဟာ မြန်မာစစ်အာဏာရှင်တပ်ဆီက ထိုက်တန်တဲ့ပေးဆပ်မှုတခုကိုမရဘဲ အခွင့်အရေးပေးရာ ရောက်နေတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗျူဟာမြောက် ကျရှုံးနေတာ ဖြစ်တယ်လို့ ထောက်ပြပြီး အကျိုးစီးပွားဗဟိုပြုမူဝါဒကို ကိုင်စွဲထားတဲ့ သမ္မတထရမ့်ပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ကို မိခ်စ် က ပြင်းထန်တဲ့ဝေဖန်မှုပြုလုပ်ခဲ့တာပါ။
မြန်မာစစ်တပ်နဲ့ ပြန်ဆက်ဆံတာကြောင့် အရပ်သားတွေအပေါ်အကြမ်းဖက်သတ်ဖြတ်နေတာတွေ လျော့ကျတာမျိုးမရှိသလို အွန်လိုင်းငွေလိမ်းဂိုဏ်းလုပ်ငန်းတွေ ရပ်တန့်သွားတာမျိုးမရှိတဲ့အတွက် ဝန်ကြီး ရူဘီယိုဆီမှာ ဗျူဟာမြောက်ခြေလှမ်းမရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒါအပြင် အမေရိကန်အစိုးရဟာ အတည်ပြုပြီးဖြစ်တဲ့ Burma Act ဥပဒေပါ ပြဋ္ဌာန်းချက်တွေ အတိုင်း စစ်အာဏာရှင်နဲ့ ဆက်စပ်သူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ထိရောက်အောင် လုပ်ဖို့ ပျက်ကွက်တဲ့အပြင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ပေးအပ်ဖို့ လွှတ်တော်က ခွင့်ပြုထားတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ဂရီဂိုရီ ဒဗလျူ မိခ်စ် ဝေဖန်ပါတယ်။
ဒီအချက်တွေနဲ့ပတ်သက်ပြီး အစိုးရက ဥပဒေနဲ့အညီဘယ်လိုလိုက်နာဆောင်ရွက်နေတယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် အဖြေတောင်းခံသွားမယ်လို့ ဆိုပါတယ်။
ICJ ရဲ့အပြီးသတ်စီရင်ချက်ဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံရေး စွပ်စွဲချက်တခုအဖြစ်ကနေ ခိုင်မာတဲ့ဥပဒေဆိုင်ရာဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲစေခဲ့တာပါ။
နိုင်ငံတကာဥပဒေတွေအရ လူမျိုးတုံးသတ်ဖြတ်မှု တားမြစ်ချက်ဟာ ဘယ်နိုင်ငံမှ ချိုးဖောက်ခွင့် မရှိတဲ့ အဆင့်အမြင့်ဆုံးစံနှုန်းတခု ဖြစ်ပါတယ်။
ဒီအချက်တွေကို ကိုးကားပြီး ထရမ့်ပ်အစိုးရကကျင့်သုံးဖို့လိုအပ်ခဲ့တဲ့ ၂၀၂၂ အမေရိကန်အစိုးရမူဝါဒ ဖော်ပြချက်ပါ တာဝန်ခံမှုကွက်လပ်ကို ပြန်ဖြည့်ဆည်းဖို့ ဂရီဂိုရီဒဗလျူမိခ်စ်က အားထုတ်တာ ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ ခင်သီရိနန္ဒာစိုးက “ဒီစီရင်ချက်ကို မီးမောင်းထိုးပြခြင်း အားဖြင့် မိခ်စ်က အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးအပြစ်ပေးဖို့နဲ့ ပူးပေါင်းကြံစည်ရာ မရောက်စေဖို့အတွက် ဥပဒေကြောင်းအရ ကြီးမားတဲ့တာဝန်ရှိလာပြီဆိုတာကို သူက အချက်ပြလိုက်တာဖြစ်တယ်။ Burma Act ကို လက်နက်သဖွယ်အသုံးချတဲ့သဘောမှာ ရှိတယ်။ မိခ်စ် က Burma Act ဥပဒေကို ကိုးကားပြောဆိုတယ်ဆိုတာက အမေရိကန်လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားကအာဏာပြိုင်မှုကို ထင်ဟပ်စေတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ လူသားစာနာအကူအညီတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်း ဥပဒေကို အစိုးရက ချိုးဖောက်နေတယ်လို့ စွပ်စွဲခြင်းအားဖြင့် သူက အစိုးရရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့နဲ့ လွှတ်တော်ရဲ့ စောင့်ကြည့်စစ်ဆေးမှုကို ဥပဒေရေးရာ ယန္တရားတခုအဖြစ် အသုံးချပြီးတော့မှ စစ်ကောင်စီအပေါ်မှာဖိအားပေးတဲ့ နိုင်ငံခြားရေးမူဝါဒကို မဖြစ်မနေကျင့်သုံး လာအောင် ကြိုးပမ်းနေတာဖြစ်တယ်”လို့ ပြောပါတယ်။
ဂရီဂိုရီ ဒဗလျူမိခ်စ် ရဲ့ကြေညာချက်ဟာ အမေရိကန်လွှတ်တော်ရဲ့ မြန်မာစစ်တပ်ကို ဖိအားပေးပြီး အထီးကျန်စေတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အစိုးရဘက်က ကျင့်သုံးနေတဲ့ လက်တွေ့ကျကျ ထိတွေ့ ဆက်ဆံတဲ့ နိုင်ငံခြားရေးမူဝါဒ ၂ ခုကြားက သဘောထားကွဲလွဲမှုကို မီးမောင်းထိုးပြရာ ရောက်နေတာပါ။
အဲ့ဒါအပြင် အမေရိကန်လွှတ်တော်က မြန်မာစစ်အာဏာရှင်ကို သံတမန်ရေးအရ အစိုးရတရပ် အဖြစ် လက်ခံမှာမဟုတ်ကြောင်း ICJ စီရင်ချက်ကို ကိုးကားပြီး အသိပေးတဲ့သဘောလည်း သက်ရောက်ပါတယ်။
ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေကတော့ ICJ စီရင်ချက်ထွက်ပေါ်ပြီးနောက် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က စစ်အာဏာရှင်ကို ဖမ်းဝရမ်းထုတ်ဖို့၊ သီးခြားတရားစီရင်ရေးနဲ့ အပြစ်ပေးတာတွေပြုလုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေတာပါ။
အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ ကွန်ဂရက်အမတ်တွေနဲ့ ထိတွေ့သတင်းပေးတာတွေ ဆက်တိုက် ပြုလုပ်နေပြီး စစ်အာဏာရှင်ရဲ့ သံတမန်ရေးရှင်သန်ဖို့အားထုတ်မှုကို တားဆီးနေတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက “အမေရိကန်အစိုးရအပါအဝင် တခြားသောနိုင်ငံကြီးတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိတယ်။ လတ်တလောကတော့ ပြောဖို့ စောသေးတယ်ပေါ့နော်။ အခုလည်းကျနော် ဒီစီရောက်နေတယ်ပေါ့။ ဒီစီမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံတဲ့အခါကြရင်လည်း ဒီကိစ္စတွေ ကျနော်တို့ဆွေးနွေးသွားဖို့ရှိတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနိုင်ငံတကာဥပဒေမှာ အဓိက ပြစ်မှု ၃ ခုရှိတာပေါ့။ နံပတ် ၁ ကတော့ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှု၊ နံပတ် ၂ ကတော့ စစ်ရာဇဝတ်မှု၊ နံပတ် ၃ ကတော့ ဂျီနိုဆိုက်။ မင်းအောင်လှိုင်အနေနဲ့ ဒီနိုင်ငံတကာ ရာဇဝတ်မှု ၃ ခုလုံးကိုချိုးဖောက်ခဲ့တယ်ဆိုတာ ဘယ်ဥပဒေရှုထောင့်ကနေကြည့်ကြည့် ဘယ်ပေတံနဲ့ ပဲတိုင်းတိုင်း ချိုးဖာက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲ့ဒီမှာ ဂျီနိုဆိုက် ကတော့ သူကျူးလွန်ခဲ့တယ်ဆိုတာ ကမ္ဘာ့အမြင့်ဆုံးတရားရုံးက သတ်မှတ်ပေးလိုက်တယ်။ ဒါသည် မြန်မာ့နိုင်ငံရေးအင်အားစုတွေအတွက်လည်း အင်မတန်ကောင်းတဲ့အခွင့်အရေးတရပ်ဖြစ်တယ်။ ဒါကို ဟိုလို ဒီလို လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တော်တော်ထိခိုက်နစ်နာသွားနိုင်တယ်။ နောက်ပြီးတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတဲ့ နေရာမှာလည်း ရရှိခဲ့တဲ့ မဟာအခွင့်အရေးကိုအသုံးမချနိုင်ရင် အသုံးမချနိုင်တဲ့လူတွေရဲ့ နိုင်ငံရေးအရစိတ်ဆန္ဒကို ကျနော်တို့ မေးခွန်းထုတ်ဖို့လိုတယ်ပေါ့။ အဲ့ဒီဟာကိုအခြေခံပြီးတော့မှ ကျနော်တို့က Universal Juristation လို့ခေါ်တဲ့ အာဂျင်တီးနားတို့၊ နောက်ပြီးတော့ ဖိလစ်ပိုင်မှာလည်း ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းက တရားစွဲထားတာရှိတယ်။ နောက်ပြီးတော့ တူရကီတို့ ကိုရီးယားတို့မှာလည်း ကျနော်တို့ လုပ်ထားတဲ့ဟာတွေရှိတယ်ပေါ့။ ဒီဟာတွေကို ပြိုင်တူရွေ့နိုင်မှသာ ပိုအားကောင်းတဲ့နိုင်ငံတကာဖိအားတွေ၊ ပိုလေးနက်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု တွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ တောင်အာရှနဲ့ အရှေ့တောင်အာရှ အချက်အခြာကျတဲ့ နေရာမှာတည်ရှိနေပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဖုံးလွှမ်းနေတဲ့ အခြေအနေမှာ မြန်မာ့အရေးကို အမေရိကန်အစိုးရက ခိုင်မာထိရောက်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ ဒီမိုကရက်ပါတီဘက်က လိုလားနေတာပါ။
မြန်မာ့အရေးဟာ ဒေသတွင်းလူ့အခွင့်အရေးပြဿနာတွေရဲ့ ဇာစ်မြစ်အဆင့်ထက်ကိုကျော်လွန်ပြီး နိုင်ငံတကာဘဏ္ဍာရေးစနစ်နဲ့ လုံခြုံရေးကိုခြိမ်းခြောက်တဲ့ အခြေအနေကို ရောက်လာတဲ့အတွက် အမျိုးသားလုံခြုံရေးအဆင့်ကနေ ချဉ်းကပ်ဖို့လိုလားနေတာလည်းဖြစ်ပါတယ်။
တကယ်လို့ မြန်မာ့အရေးကို ဒီမိုကရေစီအင်အားစုတွေက ထိထိရောက်ရောက်မကိုင်တွယ်နိုင်ရင် ဒေသတွင်းမှာ အချုပ်အခြာအာဏာမရှိတဲ့ ဗျူဟာမြောက်လေဟာနယ်တခုကို တရုတ်အစိုးရက ဖန်တီးလာနိုင်မှာဖြစ်ပြီး အဓိကထိန်းချုပ်သူအဖြစ်နေရာဝင်ယူသွားမှာကို ဒီမိုကရက်ပါတီဘက်က စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။
သုတချမ်းသာ











