
အမေရိကန်အစိုးရနဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့ရဲ့ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုပြီး ၂၀၂၁ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာကို လာမဲ့ နိုဝင်ဘာလ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ရိုက်တာသတင်းဌာနကို အောက်တိုဘာ ၂၃ ရက်က ပြောပါတယ်။
အမေရိကန်နဲ့ မြန်မာစစ်အာဏာရှင် ကိုယ်စားလှယ်တို့ လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒါဟာ စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်နဲ့ အဆက်အဆံမလုပ်ဘဲ ရှောင်ရှားခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ စစ်အာဏာရှင်နဲ့ တလအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံတာဖြစ်သလို ထိတွေ့ဆက်ဆံမှုတွေကို ပြန်လည်မြှင့်တင်လာတာလို့ သုံးသပ်နေကြတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က “ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ အထီးကျန် ဖြစ်သွားတာကို မမြင်ချင်ပါဘူး။ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု ကွင်းပြင် ဖြစ်သွားတာမျိုးလည်း မလိုလားပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ ပါဝင်ထိတွေ့ဆက်ဆံမှုကို ကျနော်တို့ ကြိုဆိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ထိတွေ့ဆက်ဆံမှု ပြုလုပ်တာဟာ မြန်မာစစ်အာဏာရှင်ကို တရားဝင်မှုပေးတာ မဟုတ်ပါဘူးလို့လည်း ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာ ဆီဟဆတ် က ရှင်းပြခဲ့ပြီး ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနဲ့ အတိုက်အခံတွေနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် တွန်းအားပေးဖို့ ရည်ရွယ်တာလို့ ဖြည့်စွက်ပြောပါတယ်။
မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို လတ်တလော ခရီးစဉ်တွေကို ကိုးကားပြီး “အာဆီယံရဲ့ ရပ်တည်ချက်မှာ အပြောင်းအလဲအချို့ရှိခဲ့တယ်” လို့ ဆီဟဆတ်က ပြောပါတယ်။
ဒါပေမဲ့ လာမဲ့ မနီလာ ထိပ်သီးအစည်းအဝေးမှာ စစ်အာဏာရှင်ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့် အပြည့်အဝပြန်ပေးဖို့ ဆွေးနွေးမယ်၊ မဆွေးနွေးဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
မြန်မာ့ရေးရာနဲ့ ပတ်သက်လို့ ရှေ့ဆက်ဆောင်ရွက်မဲ့ နည်းလမ်းတွေအပေါ် အနှစ်သာရရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ် အလေးနက်ထား ဆွေးနွေးသွားကြတော့မှာ ဖြစ်တဲ့အတွက် ကောင်းမွန်ပါတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။











