
နိုင်ငံတကာအသိုက်အဝန်းက ပြင်းပြင်းထန်ထန် ရှုတ်ချလာခဲ့တာ ၅ နှစ်လောက် ရှိသွားပါပြီ။ အခုတော့ အာရှ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေဟာ ရက်စက်တဲ့ စစ်ပွဲကြီးကို ဆင်နွှဲနေတဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင် အစိုးရအပေါ် သဘောထားတွေ ပျော့ပျောင်းလာကြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဟာ တခြား အနောက်နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထရမ့်ပ်အစိုးရဟာ နယ်စပ်အရေး၊ လူဝင်မှုကြီးကြပ်ရေး ဒါမှမဟုတ် စီးပွားရေး စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်စက်တဲ့ စစ်အစိုးရကို လာရောက်ဆက်ဆံတဲ့ နိုင်ငံတွေစာရင်းထဲ ပါဝင်လာပါတယ်။
၂၀၂၅ ခုနှစ်ကစပြီး ထရမ့်ပ်ဟာ စစ်ဗိုလ်ချုပ်တွေ အပါအဝင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပါတယ်။
စက်တင်ဘာလမှာ ထရမ့်ပ်အစိုးရရဲ့ ကိုယ်စားလှယ်တဦးနဲ့ စစ်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ စစ်အစိုးရဟာ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်ကိုတောင် မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ အမေရိကန်က အာဏာသိမ်းခေါင်းဆောင်တွေကို နိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
မြန်မာနိုင်ငံမှာ မြေရှားသတ္တု အများကြီးထွက်ပါတယ်။ ဒီသတ္တုတွေအတွက် တရုတ်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပါတယ်။ ထရမ့်ပ်အနေနဲ့ ဒီအရေးပါတဲ့ သတ္တုတွေ ရချင်လို့ နေပြည်တော်နဲ့ ဆက်ဆံရေး တင်းမာမှုတွေကို လျှော့ချလိုက်တာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။
ယူကေအခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ဒါရိုက်တာ ကျော်ဝင်းက “မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူတွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေကို ဝါရှင်တန်က ဆက်တိုက်ရုပ်သိမ်းပေးနေပါတယ်။ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးအမြတ်အတွက် ဆိုရင်တော့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို မျက်ကွယ်ပြုပေးလို့ ရတယ်ဆိုတဲ့ အရှက်ရစရာ သတင်းစကားကို ပေးလိုက်တာပါပဲ”လို့ ပြောပါတယ်။
အိမ်နီးချင်း အာရှနိုင်ငံများ၏ ဆက်ဆံရေး အပြောင်းအလဲ
ဒါပေမဲ့ အမေရိကန် တနိုင်ငံတည်း ဒီလိုလုပ်နေတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဂျပန်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းကနေ မြန်မာနိုင်ငံကို ဖယ်ရှားပေးဖို့ တွန်းအားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ ပိုလွယ်ကူလာအောင်လို့ပါ။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ဟာ မြန်မာစစ်အစိုးရကို နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ထားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ အာဆီယံဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အထူးကိုယ်စားလှယ်ကို သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။
စစ်အစိုးရက ဒီတောင်းဆိုချက်တွေကို မလိုက်နာခဲ့ပါဘူး။ ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကတော့ စစ်အစိုးရနဲ့ သံတမန်ရေးအရ တွေ့ဆုံမှုတွေ စတင်နေကြပါပြီ။ မင်းအောင်လှိုင်ဟာ ဒီနှစ်ထဲမှာ အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ အာဆီယံ ၅ နိုင်ငံ (ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်) ကို သွားရောက်ခဲ့ပါတယ်။
တချိန်က အာဆီယံမှာ မြန်မာကို အပြင်းထန်ဆုံး ဝေဖန်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ဟာ အောက်တိုဘာလက ကွာလာလမ်ပူမြို့မှာ မင်းအောင်လှိုင်ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ ပြန်ခေါ်သွင်းဖို့လည်း သူက ကတိပေးခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ကလည်း အာဆီယံရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲဖို့ တောင်းဆိုလာပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အလုပ်မဖြစ်ဘူးလို့ သူက ပြောခဲ့ပါတယ်။
ဘရူနိုင်းနဲ့ အာဆီယံရဲ့ စီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားတို့ကလည်း စစ်အစိုးရနဲ့ မကြာခင်တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါကြောင့် စစ်အစိုးရရဲ့ သံတမန်ရေး ထိုးဖောက်မှုတွေ ဆက်ရှိလာမလား ဆိုတာကို လေ့လာစောင့်ကြည့်သူတွေက အာရုံစိုက်နေကြပါတယ်။ အာဆီယံဟာ မြန်မာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို စွန့်လွှတ်လိုက်ပြီလားလို့ မေးတဲ့အခါ၊ ကျော်ဝင်းက အာဆီယံရဲ့ ဆန့်ကျင်မှု အတိုင်းအတာကို မေးခွန်းထုတ်ခဲ့ပါတယ်။
“အာဆီယံက မြန်မာနဲ့ ပတ်သက်တဲ့ ဘုံရပ်တည်ချက်ကို စွန့်လွှတ်လိုက်တယ်ဆိုတာကို ကျနော် လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ အာဆီယံဟာ စစ်တပ်ကို တားဆီးနိုင်လောက်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ရပ်တည်ချက်မျိုး တခါမှ မရှိခဲ့လို့ပါပဲ”လို့ သူက Courthouse News ကို အီးမေးလ်ကနေတဆင့် ဖြေကြားပါတယ်။
“စစ်တပ်က တရားမဝင် အာဏာသိမ်းပြီး ၂ လအကြာမှာပဲ၊ မြန်မာ့အနာဂတ်ကို ဆွေးနွေးဖို့ မင်းအောင်လှိုင်ကို အာဆီယံက ဖိတ်ကြားကတည်းက၊ ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာ ပထမနေ့ကတည်းက အခြေခံအားဖြင့် မှားယွင်းနေခဲ့တာပါ” လို့ သူက ဆက်ပြောပါတယ်။
အသက်အန္တရာယ်ကြီးမားသော ပြည်တွင်းစစ်
မြန်မာနိုင်ငံ တဝန်းလုံးကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်အစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေကြားက သွေးထွက်သံယို ပြည်တွင်းစစ်မှာ အရပ်သားတွေ အပတ်စဉ် သေဆုံးနေရပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ ကုလသမဂ္ဂ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်ကြောင့် အရပ်သား ၈,၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ Global Conflict Tracker ရဲ့ အဆိုအရ လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး၊ ၅ ဒသမ ၁ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
စစ်အစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့ပြီး၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားပါတယ်။ ဒါ့အပြင် လေ့လာသူတွေက အတုအယောင်လို့ခေါ်ကြတဲ့ ရွေးကောက်ပွဲကတဆင့် မင်းအောင်လှိုင်ဟာ ဧပြီလတုန်းက အနိုင်ရခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကနေ မြန်မာနိုင်ငံအတွက်စီရင်ချက်ကို နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာပါ။
Myanmar Accountability Project အဖွဲ့ဆီကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သတင်းတွေ အပတ်စဉ်နီးပါး ရောက်လာတယ်လို့ Courthouse News ကို ပြောပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အာဆီယံနဲ့ ဝါရှင်တန်က စစ်အစိုးရနဲ့ သွားရောက်ဆက်ဆံနေတာဟာ “အရမ်းကို တုန်လှုပ်စရာကောင်းပါတယ်” လို့ MAP ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်က ပြောပါတယ်။
“ဒါဟာ ကျနော်တို့ သိထားပြီးသားအချက်ကို ကမ္ဘာကြီးဆီ သတင်းစကားပါးလိုက်တာပါပဲ။ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ဆိုတာတွေဟာ ထရမ့်ပ်အစိုးရအတွက် ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ သူတို့က ထရမ့်ပ်အစိုးရ အရာရှိတွေရဲ့ အကျိုးအမြတ်ကိုပဲ ထိပ်ဆုံးက ဦးစားပေးနေတာပါ”လို့ ခရစ္စတိုဖာဂန်းနက်စ်က ဗီဒီယို အင်တာဗျူးတခုမှာ ပြောပါတယ်။
ဒိန်းမတ် နိုင်ငံတကာ လေ့လာရေးအင်စတီကျု (DIIS) က မြန်မာ့အရေး ကျွမ်းကျင်သူ သုတေသီ ဟယ်လင် မာရီယာခတ်ဒ်ရဲ့ အဆိုအရ၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မြန်မြန်ရဖို့အတွက် နောက်ဆုံး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို စစ်အစိုးရက အသုံးချခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး လေ့လာသူတွေက ဒီလိုဖြစ်လာမှာကို အစကတည်းက စိုးရိမ်ခဲ့ကြတယ်လို့သူက ဖုန်းအင်တာဗျူးကနေ ဖြေကြားခဲ့ပါတယ်။
“ဒါဟာ ကံမကောင်းပါဘူး။ သမိုင်းကြောင်းအရ ကြည့်ရင် အမေရိကန်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေကို ထောက်ခံအားပေးရာမှာ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီနဲ့လည်း ဒီဆက်သွယ်မှုက တော်တော်လေး အားကောင်းခဲ့တာပါ” လို့ ခတ်ဒ် က ပြောပါတယ်။
“မြန်မာ့ မြေရှားသတ္တု ကဏ္ဍမှာ တရုတ်က အခိုင်အမာ နေရာယူထားတဲ့အတွက်၊ အမေရိကန်အနေနဲ့ အဲဒီမှာ ခြေကုပ်ရဖို့ ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒီကိစ္စက တကယ့်ကို နှမြောစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပြီးမှ၊ အမေရိကန်အတွက် ပြန်ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းကြီးမားနေလို့ပါပဲ” လို့ သုတေသီ ဟယ်လင်မာရီယာခတ်ဒ်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
လာ့စ်ဆိုရင်ဆန်
Ref: Courthouse News Service
(Courthouse News Service ဝက်ဆိုက်တွင် ဒိန်းမတ်အခြေစိုက် စုံစမ်းထောက်လှမ်း သတင်းထောက် Lasse Sørensen ရေးသားထားသည့် “Increasingly, governments are tiptoeing toward engaging with junta-led Myanmar” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)











