DVB Logo
Home
Lead Story
အာဆီယံ လက်နက်ချတော့မလား
လင်းဆက်ငြိမ်းချမ်း
·
October 24, 2026
အာဆီယံ လက်နက်ချတော့မလား
Donate to DVB

အမေရိကန်အစိုးရက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှု စတင် နေပြီဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြပြီး ရက်ပိုင်းအတွင်းမှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသမ္မတက မြန်မာစစ်ဗိုလ်ချုပ်တွေကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ခေါ်လာဖို့ အားထုတ်မှုမှာ တိုးတက်မှုတချို့ ရရှိခဲ့ကြောင်း ပြောကြားခဲ့တယ်။

အောက်တိုဘာ ၈ ရက်၊ Straits Times သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ပြောကြားခဲ့တာဖြစ်တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ချဉ်း ကပ်ပုံ နည်းလမ်းတွေကို ပြန်လည်ပြင်ဆင်သုံးသပ်ဖို့ ကြိုးစားခဲ့တယ်လို့လည်း ဆိုတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် မလေးရှားနဲ့ ကမ္ဘောဒီးယားကို သွားရောက်ခဲ့တာဟာ အရင်က လုံးဝမရှိခဲ့ဘူးတဲ့ အစပျိုးမှုတခုဖြစ်တယ်လို့လည်း ဖိလစ်ပိုင် သမ္မတက သုံးသပ်တယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတက စစ်ဗိုလ်ချုပ်တွေ စားပွဲဝိုင်းဆီ ရောက်ဖို့ တိုးတက်မှုတချို့ ရရှိခဲ့ကြောင်း မပြောမီ ၁၀ ရက်၊ စက်တင်ဘာ ၂၈ ရက်ကပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က အရပ်သားပြည်သူတွေ သွားလာနေတဲ့ ကစ္ဆပနဒီ တံတားဝန်းကျင်နှင့် အိန္ဒိယဈေးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅၀ သေဆုံးခဲ့သေးတယ်။ ပြီးတော့ အဲဒီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ကြေညာချက်ထုတ်ပြန်ခဲ့သေးတာ အမှတ်ရမိတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ဩဂုတ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှု ၃၁၂ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ စက်တင်ဘာလအတွင်း အကြိမ်ရေ ၆၅၀ ထက်မနည်း ရှိခဲ့ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမှာလည်း ဩဂုတ်လအတွင်း ၉၆ ဦးသာ ရှိခဲ့ရာကနေ စက်တင်ဘာမှာ ၁၆၃ ဦး ရှိခဲ့ကြောင်း ဖော်ပြထားတာလည်း အမှတ်ရစရာပါပဲ။

ဆက်လက်ပြီး အောက်တိုဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ သမိုင်းဝင်မဟာစည်ကျောင်းတိုက်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ အောက်တိုဘာ ၁၆ ရက်၊ ရေစကြိုမြို့နယ်အတွင်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအ ရွယ် ကလေးအပါအဝင် ဒေသခံပြည်သူ ၁၅ ဦး သေဆုံးခဲ့ခြင်းကလည်း ရာဇဝတ်ကောင် မင်းအောင်လှိုင် အနေနဲ့ ဗုံးကြဲမပျက် ပြည်သူသတ်မပျက် ဆွေးနွေးပွဲစားပွဲဝိုင်းဆီ လှမ်းလာနေပြီလားလို့ မေးခွန်းထုတ်ရပါမယ်။

ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံ ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ အတည်ပြုလက်မှတ်ထိုးခဲ့ပေမဲ့ ဒီနေ့ထိတိုင် ဘာဆိုဘာမှ မဖော်ဆောင်ခဲ့ရုံတင်မက မင်းအောင်လှိုင် လွှတ်တော်ကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပယ်ချ၊ မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း အတိအလင်း ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ ပြောရရင် မင်းအောင်လှိုင်ဟာ စစ်ကောင်စီသက်တမ်းတလျှောက်လုံး အကြမ်းဖက် လူသတ်ပွဲတွေကို နေ့စဉ် ဆင်နွှဲကာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆုတ်ဖြဲပြခဲ့ရုံတင်မက ခေါင်းပေါင်းပြောင်းစွပ်ပြီး သမ္မတတု တက်လုပ်တဲ့အချိန်ရောက်တော့ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်မခံကြောင်း ပယ်ချကာ အာဆီယံကို စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်တယ်။

ဒါပေမဲ့ စစ်အာဏာရှင်ကို လိုလားတဲ့ အာဆီယံနိုင်ငံတချို့က မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဖိတ်ခေါ် အသိအမှတ်ပြုရာကနေ အကျိုးစီးပွား ဆက်ဆံရေးဆိုတဲ့ အကြောင်းပြချက်အရ မလေးရှားနိုင်ငံအထိ မင်းအောင်လှိုင် ခြေချခွင့်ရခဲ့ပါတယ်။ သံတမန်ရေးဝေါဟာရတွေနဲ့ ဘယ်လိုပဲ လှည့်ပတ် သုံးစွဲသည်ဖြစ်စေ၊ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံသမ္မတအဖြစ် ဖိတ်ကြားပြီး သမ္မတအဆောင်အယောင်တွေနဲ့ ကြိုဆိုကာ အိမ်ရှင်ခေါင်းဆောင်တွေရဲ့ တန်းတူရည်တူ ဆွေးနွေးမှုပြုတာဟာ ရာဇဝတ်ကောင်မင်းအောင်လှိုင်ကို သမ္မတအဖြစ် အတည်ပြုပေးလိုက်ခြင်းကလွဲ တခြားမရှိပါဘူး။

မင်းအောင်လှိုင်ဟာ သမ္မတတုအဖြစ် ခေါင်းပေါင်းစွပ်ပြီးနောက် အစဉ်အလာမပျက် မြန်မာ ပြည်သူတွေကို သတ်မြဲသတ်လျက် အာဆီယံနိုင်ငံတွေထဲက လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတွေဆီ သမ္မတအဆောင်အယောင်နဲ့ ခြေချခွင့်ရခဲ့တယ်။ အာဆီယံ ဘုံသဘောတူညီချက်ကို မဖော်ဆောင်လို့ ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ဖူးတဲ့ မလေးရှားနိုင်ငံဆီ ဘုံသဘောတူညီချက်ကို ပယ်ချကြောင်း တရားဝင်ထုတ်ဖော်ပြောပြီးမှ  အရောက်လှမ်းနိုင်ခဲ့တာ မင်းအောင်လှိုင်အတွက် သံတမန်ရေးအောင်ပွဲလည်း ဖြစ်တယ်။ 

အခု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မင်းအောင်လှိုင် မလေးရှားနဲ့ ကမ္ဘောဒီးယားကို သွားရောက်ခဲ့တာဟာ အရင်က လုံးဝမရှိခဲ့ဘူးတဲ့ အစပျိုးမှုတခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားမှုက အာဆီယံနဲ့ မင်းအောင်လှိုင်ကြား  ကောင်းမွန်တဲ့ဆက်ဆံရေး စတင်နေပြီလို့ သတင်းပေးပို့ချက်လို့ မှတ်ယူရပါမယ်။

ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြီး ဇူလိုင် ၂၃ ရက် သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက မင်းအောင်လှိုင် အာဆီယံအစည်းအဝေးတွေနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်ကြောင်း ပြောကြားချက်နဲ့ အစိုးရတုက ဘုံ ၅ ရပ်ကို ဖော်ဆောင်မှုရှိ၊ မရှိ တိုင်းတာမဲ့ စံသတ်မှတ်ချက်တွေကို အာဆီယံအနေနဲ့ ချမှတ်ပြီး ဖော်ဆောင်မှုမရှိရင် ပျက်ကွက်မှုအဖြစ် သတ်မှတ်သွားမယ်လို့ ပြောကြားခဲ့မှုက ရေစုန်မျောသွားပြီလားလို့လည်း မေးခွန်းထုတ်ရပါတော့မယ်။

အောက်တိုဘာ၈ရက်၊ Straits Times သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသမ္မတရဲ့ မြန်မာ့အရေး ထုတ်ဖော်ပြောကြားမှုက အာဆီယံအနေနဲ့ နောက်တလှမ်း ဆုတ်ဖို့ရာ ပြင်ဆင်နေပြီလို့ နားလည်ရတယ်။ ဒါကို နောက်တမျိုး ပြောရရင် မင်းအောင်လှိုင် ရှေ့တလှမ်းတိုးလာနိုင်တယ်လို့ ဆိုရပါမယ်။ ထပ်ပြောရရင် မင်းအောင်လှိုင်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို မဆုတ်မနစ် ဆုတ်ဖြဲပစ်ရဲခဲ့ခြင်းရဲ့ ရလဒ်လို့လည်း ဆိုနိုင်ပါတယ်။

အာဆီယံအနေနဲ့ ဘုံ ၅ ရပ်ကို ပယ်ချခဲ့တဲ့ အစိုးရတုအပေါ် ရှေ့တလှမ်းတိုး အရေးယူနိုင်စွမ်း မရှိတာကြောင့် ဆက်လုပ်စရာ ဘာမှမရှိတော့ပါဘူး။ ဒါ့ကြောင့် နောက်ထပ် ချဉ်းကပ်နည်းအသစ်လို့ ဆိုကာ မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံခြင်းကနေ ဘုံ ၅ ရပ် အသက်ဆက်နိုင်မလား ဆိုပြီး စိတ်ကူးယဉ်ပြလိုက်တာပါပဲ။ အာဆီယံရဲ့ အဲဒီစိတ်ကူးယဉ်ခန်းဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာအတွက်သာ ဖြစ်ပြီး မြန်မာပြည်သူဆိုတာ အိပ်မက်ထဲမှာတောင် မရှိပါဘူး။

မင်းအောင်လှိုင်ကတော့ အစိုးရတုကို တရားဝင်မှုပေး၊ အာဆီယံ ထိုင်ခုံပြန်ပေးပြီးမှ မြန်မာ့အရေး အာဆီယံ ဖြစ်ချင်တာတွေအပေါ်  ဆက်စဉ်းစားချင် စဉ်းစားမယ်ဆိုတဲ့လိုင်းကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားဆဲပါပဲ။ 

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013