DVB Logo
Home
Lead Story
အမေရိကန်၊ အင်္ဂလန် စူပါ ပါဝါ
DVB
·
June 3, 2015
အမေရိကန်၊ အင်္ဂလန် စူပါ ပါဝါ
Donate to DVB

အနောက်အုပ်စုတွေရဲ့ နိုင်ငံရေး တင်စီးလွှမ်းမိုးမှုက ကြောက်စရာကောင်းတယ်။ ဘောလုံးကနေ အနောက်ရဲ့စံနှုန်းတွေ သွတ်သွင်းဖို့၊ အနာဂတ်ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကြီးမှာ ဘောလုံးကို မီဒီယံအဖြစ်သုံးပြီး သြဇာတည်ဆောက်ဖို့ ဘလတ္တာနဲ့ ဖီဖာကို သူတို့မွေးထားတာပဲ။ ဘောလုံးမှာ အစိုးရတွေ ၀င်စွက်ဖက်ခွင့် မရှိဘူးဆိုတဲ့မူဟာ တကယ်တော့ အနောက်ရဲ့ လက်နက်တခုပဲ။ ဒီမူဟာ အီရန်တို့၊ မြောက်ကိုရီးယားတို့ကို အများကြီး သက်ရောက်ပေမယ့် အနောက်နိုင်ငံ အစိုးရတွေကိုတော့ တကယ်တမ်းက ဘာမှ သက်ရောက်လှတာ မဟုတ်ဘူးဆိုတာ အားလုံးအသိပဲ။ ဘလတ္တာနဲ့ ဖီဖာတောင် ဆွစ်ဇာလန်မှာ ဘယ်လိုနေနေရလဲဆိုတာကိုပဲ ကြည့်ပါ။

ဆက်ရရင် နောက်ဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း သူတို့မွေးထားတဲ့မျောက်ကြီးက အကောင်ကြီးပြီး မွေးထားတဲ့လူကိုပါ ပြန်ခြောက်လာနိုင်တော့ အနောက်အုပ်စုက ဘလတ္တာကို ရှင်းလိုက်တာပဲ။ ဘလတ္တာကလည်း ဘလတ္တာပဲ။ သူ့ရဲ့အင်ပါယာကြီး ကျယ်ဝန်းလာတာနဲ့အမျှ သူ့ဆရာကြီးတွေ ကြိုးဆွဲတဲ့အတိုင်း မကတော့ဘူး။ အရှေ့အလယ်ပိုင်းက ပိုက်ဆံချမ်းသာတဲ့ နိုင်ငံတွေနဲ့ပေါင်းတယ်၊ ရုရှားလို၊ တရုတ်လို၊ ဘရာဇီးလို နိုင်ငံတွေရဲ့အားကို ယူထားတယ်။ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အမေရိကန်နဲ့ အင်္ဂလန်ကိုငြင်းပြီး ကာတာနဲ့ရုရှားကို အိမ်ရှင်အဖြစ် ရွေးလိုက်တာဟာ သူ့ဆရာကြီးတွေကို ဘလတ္တာ ပြန်ထိုးလိုက်တဲ့ အကွက်တကွက်ပဲ။ တော်တော်အောင့်သီးအောင့်သက် နိုင်သွားတယ်။

အင်္ဂလန် အိမ်ရှင်ဖြစ်ခွင့်ရဖို့ အင်တိုက်အားတိုက် ကြိုးစားနေတဲ့ တော်ဝင်မိသားစုကြီးပါ အရှက်ရသွားတယ်။ အဲဒီကတည်းက ဘလတ္တာကိုကိုင်ဖို့ အနောက်ဆရာကြီးတွေ ပြင်ဆင်ကြတော့တာပဲ။

ပထမဆုံး မီဒီယာနဲ့တိုက်တယ်။ အရမ်းကို အာဘောင်အာရင်းသန်တဲ့ အင်္ဂလန်မီဒီယာက ဖီဖာရဲ့ ခြစားမှုတွေကို တခမ်းတနား ရေးသားကြတယ်။ အဲဒီကနေ တဆင့်ချင်း လာတော့မယ်ဆိုတာ ဘလတ္တာလည်းသိတယ်။ ဒီတော့ သူလည်းပြန်ရွှေ့တယ်၊ ဘောလုံးလောကမှာ သူ့မွေးစားသားလို့ လူသိများတဲ့ ဟာမန်းနဲ့ အရင်က သူနဲ့ရင်းနှီးတဲ့ လူတသိုက်ကို ခြစားမှု ခေါင်းစဉ်တပ်ပြီး ကိုင်ပစ်လိုက်တယ်။ ဟာမန်းက သူ့ကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားလို့ ကိုင်ပစ်လိုက်တာလို့ ပြောလို့ရပေမယ့် တကယ်တမ်း ဟာမန်း ရွေးကောက်ပွဲဝင်ရင် သူ့ကိုမနိုင်ဘူးဆိုတာ ဘလတ္တာတင်မဟုတ်ဘူး၊ တကမ္ဘာလုံးသိတယ်။ ဒါပေမယ့် ဟာမန်းတို့အဖွဲ့ကို ခြစားမှုခေါင်းစဉ်နဲ့ ချနင်းလိုက်တယ်။

စည်းမျဉ်းအတိုင်းပဲ ဒီကိစ္စမှာ အစိုးရကို ၀င်အပါမခံဘူး။ ဖီဖာ၊ အားကစားခုံရုံးတွေကနေပဲစစ်ပြီး အပြစ်ပေးလိုက်တယ်။ တဆက်တည်းမှာပဲ ဘလတ္တာဟာ ဖီဖာရဲ့ ပွင့်လင်းမြင်သာမှုကို စစ်ဆေးအကြံပေးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အနောက်အုပ်စုပေါ်မှာ သြဇာရှိတဲ့ ဟင်နရီကစ်ဆင်းဂျားလိုလူမျိုးကို ခေါ်သွင်းလာတယ်။ ဖီဖာကို ခြစားမှုနဲ့ ရမယ်ရှာပြီး ကိုင်တော့မယ်ဆိုတာ သိနေတဲ့ ဘလတ္တာရဲ့ ဖြေဆေးတခွက်ပေါ့။ ဒါပေမယ့် ဆေးမမီတော့ပါဘူး။

ခြစားမှုဆိုတဲ့ခေါင်းစဉ်နဲ့ပဲ ဖီဖာတာဝန်ရှိသူတွေကို အက်ဖ်ဘီအိုင်က ၀င်ဖမ်းခိုင်းတယ်။ ဖမ်းတော့လည်း သက်ဆိုင်ရာနိုင်ငံတွေမှာ မဖမ်းဘဲ ဖီဖာကွန်ဂရက်ကာလ အားလုံးက စိတ်ဝင်စားနေချိန် ဆွစ်ဇာလန်မှာ ၀င်ဖမ်းတယ်။ ဖမ်းတဲ့အချိန်ကလည်း ဖီဖာရွေးကောက်ပွဲ ကျင်းပတော့မယ့် အချိန်ကြီးကျမှ ၀င်ဖမ်းပစ်တာ။ ဘောလုံးမှာ အစိုးရ၀င်စွက်ဖက်ခွင့် မရှိဘူးဆိုတဲ့ ဖီဖာရဲ့စည်းမျဉ်းကို ရိုက်ချိုးပြီး ဖီဖာရဲ့ အရိပ်အာဝါသအောက်မှာကို ဖမ်းပြသွားတာပဲ။ ဖီဖာကိုရော၊ ဘလတ္တာကိုပါ ဇက်ကြိုးဆွဲပြလိုက်တာ။ တကယ်ဆို အစီအစဉ်အတိုင်း သွားမယ်ဆိုရင် ခြစားမှုဖြစ်နေတဲ့သူတွေနဲ့ ပတ်သတ်ပြီး ဖီဖာကို အရင်အကြောင်းကြား၊ ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီ၊ စည်း/ထိန်းကော်မတီတွေကစစ်၊ အပြစ်ပေး။ ပြီးမှ အရပ်ဘက် တရားရုံးတွေမှာ ထပ်ပြီး အမှုဆွဲတင်ရမှာပါ။ အခုတော့ အက်ဖ်ဘီအိုင်က ဘာမပြောညာမပြောနဲ့ ဆွစ်ဇာလန်ရဲကို ၀င်ဖမ်းခိုင်းလိုက်တယ်။ ပြီးတော့ ဖမ်းထားတဲ့လူတွေကို အမေရိကန်ကို လွှဲခိုင်းလိုက်တယ်။ ဇာတ်လမ်းကပြတ်ကရော။

အခုတော့ ဘလတ္တာပါ နုတ်ထွက်လိုက်ရပါပြီ။ ရွေးကောက်ပွဲ အနိုင်ရထားပေမယ့် ရုတ်တရက်ကြီး ဘလတ္တာ နုတ်ထွက်သွားရတာ ဘယ်လိုဖိအားကြောင့်လဲဆိုတာ သူပဲ သိပါလိမ့်မယ်။ သေချာတာကတော့ ဘလတ္တာဟာ သူ ၁၇ နှစ်ကြာ တမြတ်တနိုး တည်ဆောက်ထားရတဲ့ အင်ပါယာကြီးကို မစွန့်လွှတ်ချင်ဘူးဆိုတာ ကလေးတောင်သိပါတယ်။ ဒါပေမဲ့ မဖြစ်မနေ မြားဦးက သူ့ဘက်ပါလှည့်လာပြီဆိုတော့ သူ မနုတ်ထွက်လို့ကို မဖြစ်တော့ပါဘူး။ ဒီဇာတ်လမ်းဟာ အများကြီးထပ်ရှုပ်ဦးမယ်။ ဖီဖာလည်း ကသောင်းကနင်း ဖြစ်နိုင်တယ်။ နောက်ဆုံးကျမှ ခြစားမှုတွေရှင်းပြီးပြီ၊ ဖီဖာဟာ သန့်ရှင်းတဲ့အဖွဲ့အစည်းအဖြစ် ပြန်လည်ရပ်တည်မယ်ဆိုပြီး အနောက်သဘောကျတဲ့ ပုဂ္ဂိုလ်တဦးက ဖီဖာပလ္လင်ပေါ် ပြန်ထိုင်ပါလိမ့်မယ်။ အဲဒီအခါကျတော့ စလုံးရေးပြန်စကြတာပေါ့။ တကယ်တော့ ဘောလုံးနိုင်ငံရေးက တကယ့်ကို ရှုပ်ထွေးလွန်းလှပါတယ်။

ကိုရဲ

(မှတ်ချက် - စာရေးသူ ဖေ့စ်ဘွတ်ခ်မှ  ခွင့်ပြုချက်ဖြင့် ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013