
ရေးဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကွမ်းတိုင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဒီနေ့ ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်မှာ လေကြောင်းကနေ ၃ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲသွားတာ။ အရပ်သား ထိခိုက်တယ်လို့တော့ မကြားမိသေးဘူး။ ဂျက်ဖိုက်တာက တံတားဦးမှာ ပြန်ဆင်းသွားပြီ။ လောလောဆယ်တော့ ဖိုက်တာ ၃ စီး ပျံဝဲနေသေးတယ်။ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်းနဲ့ ခင်ဦးကို ပတ်ပျံဝဲနေတာ” လို့ DVB ကို ပြောပါတယ်။
ကွမ်းတိုင်းကျေးရွာဟာ ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိနေတာဖြစ်ပြီး ရေဘေးသင့် နေတဲ့ ဒေသဖြစ်သလို စစ်တပ်ဘက်က ရေဘေးမဖြစ်ခင်ကလည်း ဒရုန်းတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ဒေသလို့ ဆိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကွမ်းတိုင်းရွာထိပ်ချောင်း ရေကြီးသေးနေသလို ကွမ်းတိုင်းမြောက်ဘက် ပင်တင်းရေလှောင်ကန်လည်း ရေပြည့်နေလို့ ရေပိုလွှဲကနေ လွတ်ထားရတယ်လို့ သိရပါတယ်။
အဲဒီအပြင် ကွမ်းတိုင်းရွာတောင်ဘက် မင်းကန်ကြီး ရေလှောင်ကန်လည်း ရေပြည့်နေလို့ လွှတ်ထားရသလို ဒီနေ့အထိလည်း ခင်ဦးနယ်အနောက်ခြမ်း မူးမြစ်ဘေး တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော်၊ သက်သာပန်းတောင်းရွာတွေဟာ ရေမကျသေးဘူးလို့ သိရပါတယ်။
ခင်ဦးမြို့နယ်ဟာ ဩဂုတ်လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ မူးမြစ်ရေ လျှံတက်လာတွေကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်း၊ အနောက်တောင်နဲ့ မြောက်ခြမ်းက ကျေးရွာပေါင်း ၁၉ ရွာဝန်းကျင် ရေဘေးသင့်နေပါတယ်။
ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိနေပြီး ရေဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းနေရသလို ရေဘေးကြောင့် သေဆုံးသူတွေည်း ရှိပါတယ်။
အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားလို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေပါတယ်။










